Skip to main content

ဟားခါးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဟားခါး ဇူလိုင် ၂၃

ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်းလျန်ဆုမ်း၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဟားခါးတက္ကသိုလ် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းပါမောက္ခဌာနမှူး ဒေါက်တာနန်းလှိုင် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သမိုင်းရှုထောင့်မှဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။

ထို့နောက်ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပရာ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ( ၁၁ ) ဦးက ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာဘဏ်တိုက် စာကြည့်တိုက်၊ စာအုပ်စာပေ လူ့မိတ်ဆွေစသည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် မွန်းလွဲ ၁ နာရီတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် အခြေခံပညာ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပညာဘဏ်တိုက်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ( ၈၇ )ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )