Skip to main content

တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇူလိုင် ၂၃

ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် အခမ်းအနားသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်ပြီး ကျောင်းသား/ကျောင်းသူများကို စာအုပ်/စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန်အတွက် ရည်ရွယ်ကျင်းပသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ယခုပွဲတော်တွင် ထည့်သွင်းပြသခဲ့သည့် စာအုပ်ပြပွဲသည် ကျောင်းသား/ကျောင်းသူလေးများ စာပေကို ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန် မြန်မာစာပေသမိုင်းကြောင်းနှင့် သုတ/ရသ စာအုပ်ပေါင်းများစွာကို ထည့်သွင်းပြသထားသကဲ့သို့ ဓါတ်ပုံပြပွဲတွင်လည်း “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျွန်နိုပ်တို့နိုင်ငံ၏ သာယာလှပပြီး တန်ဖိုးမဖြတ်နိုင်သော သဘာဝအလှအပများကို ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြသထားတာကိုလည်း တွေ့ရှိရပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးစည်းလုံးညီညွတ်စေရန်၊ ဉာဏစွမ်းရည်များ တိုးတက်လာစေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြီး ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပါကြောင်း၊ ယနေ့ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် တာဝန်ယူဆောင်ရွက်ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရေး၊ စာတတ်သူတိုင်း စာဖတ်စေရေးတို့အတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား/သူများကို ဆုများ‌ပေးအပ် ချီးမြှင့်ရာ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့်   ကျောင်းသား/သူများ  အားလည်းကောင်း၊   ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က အထက်တန်းအဆင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ သူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက စာပေဟောပြောပွဲတွင် ဟောပြောပေးခဲ့ကြသည့် စာပေပညာရှင်များနှင့် ပြိုင်ပွဲများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသော အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များ  အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပထမဆုရရှိခဲ့ကြသည့် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများက သရုပ်ပြတင်ဆက်ပြီး ဆုရကျောင်းသား/သူများနှင့် ဧည့်သည်တော်များ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ခင်းကျင်းပြသထားသည့် စာအုပ်ပြခန်း၊ ဓာတ်ပုံပြခန်း၊ သိပ္ပံလက်တွေ့ပြခန်းနှင့် စာအုပ်အရောင်းဆိုင်တို့အား ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၄)တောင်ကြီးနှင့် အ.လ.က (၁၄)တောင်ကြီးမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၀၀၀ ဦးခန့် လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်နိုင်လင်း