နေပြည်တော် ဇူလိုင် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိ ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြစ်ရေတားတာတမံနှင့် ရေလှောင်တမံများ၏ ရေဘေးကာကွယ်ရေးဆိုင်ရာအစီအမံများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင် ရွက်ထားရှိမှုဆိုင်ရာများ၊ အရေးပေါ်ပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ထားနိုင်ရေးကြိုတင်စီစဉ်ထားရှိရန်၊ တာတမံနှင့် ရေလှောင်တမံများ ကြံ့ခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းထားရှိပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ ဌာနပိုင်စက်ယန္တရားများ၊ မြစ်ရေတင် လုပ်ငန်းများနှင့်ဆက်စပ်သည့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင် ရွက်ကြရန်ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဧရာဝတီအရှေ့ ဘက်ကမ်း အဖျောက်တာ၊ နှစ်စဉ်ဧရာဝတီမြစ်ကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဧရာဝတီအရှေ့ ဘက်ကမ်း အဖျောက်တာရှိ ရေကင်းစခန်းများနှင့် ရပ်ကွက်/ကျေးရွာ ရေကင်းစခန်းများတွင် အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိမှု၊ ရေဘေးကြိုတင်ကာကွယ်မှု လုပ်ငန်းဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြစ်ရေတိုက်စားမှုနှင့် မြစ်ရေဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် တာအိခြင်း၊ တာလျှောခြင်း၊ ရေပေါက်(ထူးပေါက်)များ ဖြစ်ပေါ်တတ်သဖြင့် နေ့ညမပျက်ရေကင်းလှည့်ဇယားများဖြင့် ကြည့်ရှုစစ်ဆေးကြရန်၊ လိုအပ်ပါက သက်ဆိုင်ရာတာဝန် ရှိသူများ၊ ဌာနများ၊ ရပ်ကွက်/ ကျေးရွာ အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေးတာတမံများ ကြံ့ခိုင်မှုရှိစေရေး၊ ရေဘေးကာကွယ်ထားရှိမှု ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပေါ့ဆမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က ဘက်ပေါင်းစုံမှ အထူးဂရုပြု အလေးထား ဆောင်ရွက်ကြရန်၊ သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် သက်တမ်းတိုအရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြန့်ဝေပေး ခြင်း၊ အပင်ရောဂါကာကွယ် ကုသဆေးများ၊ တိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့ ခြင်း၊ တိရစ္ဆာန်များ နာမကျန်းဖြစ်ပွားပါက ကုသရန်လိုအပ်မည့် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန်ဖြည့်စွက်အစာများ ကြိုတင်စုဆောင်းထားရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်