Skip to main content

ကျွန်တော် ဆက်လက်လေ့လာဖို့ဆုံးဖြတ်လိုက်တဲ့ ဘယ်ပညာရပ်မဆို နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိအောင် သေချာကြိုးစား လေ့လာသွားမှာဖြစ်ပါတယ်

တွေ့ဆုံမေးမြန်း

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ

အေအေတီ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများအား ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ကြောင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတစ်ဝန်းလုံးမှ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိအောင် စာပေကြိုးစားလေ့လာဆည်းပူးခဲ့မှုနှင့် မိမိတို့ ကြိုးစားခဲ့မှုရလဒ်အပေါ် နိုင်ငံတော်က အသိအမှတ်ပြု၍ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ပေးမှုအပေါ် ခံစားရသည့် ဝမ်းသာပီတိစကားသံများကို ရေးသားမျှဝေတင်ပြပေးလိုက်ရပါသည်။

မောင်ဖြိုးသိန်း (ဘာသာစုံဂုဏ် ထူးရှင်၊ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ဘာသာတွဲ ဒုတိယအမှတ်အများ ဆုံးဆုရရှိသူ)

ကျွန်တော်ကတော့ ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(စစ်တွေ) စာစစ်ဌာနကနေ အမှတ်ပေါင်း ၅၅၅ မှတ် ရရှိပြီး အောင်မြင်ခဲ့ပါတယ်။ ဒီလိုထူးချွန်စွာ အောင်မြင်ဖို့ ကျွန်တော်ကိုယ်တိုင် စာကိုဂရုစိုက် လေ့လာသလို ဆရာ ဆရာမတွေရဲ့ ဆုံးမစကားတွေကိုလည်း သေချာလိုက်နာ ဆောင်ရွက်ပါတယ်။ စာသင်နှစ် အစကတည်းက အမှတ်ကောင်းကောင်းနဲ့အောင်ဖို့ ရည်ရွယ်ကြိုးစားခဲ့ပါတယ်။ ကျွန်တော် အခုအချိန်မှာတော့ ဘယ်လိုအဆင့်မြင့် ပညာရပ်တွေကို ဆက်လက်ဆည်းပူး ရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော် ဆက်လက်လေ့လာဖို့ ဆုံးဖြတ်လိုက်တဲ့ ဘယ်ပညာရပ်မဆို ကျွန်တော့်တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိအောင် သေချာကြိုးစား လေ့လာသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့အခုလို ကြိုးစားအားထုတ်မှုအပေါ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးတဲ့အတွက် အလွန်ကိုဝမ်းသာပီတိ ဖြစ်မိပါတယ်။ ခမ်းခမ်းနားနားလည်း ကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့လို ထူးချွန်တဲ့သူဖြစ်ချင်ရင် စာကိုသေချာလေးကြိုးစား လေ့လာကြပါလို့ ညီငယ်ညီမငယ်တွေကို တိုက်တွန်းလိုပါတယ်။

မရွှန်းလက်နဒီအောင် (ဘာသာစုံဂုဏ်ထူးရှင်)

ကျွန်မကတော့ မကွေးတိုင်းဒေသကြီး မကွေးမြို့ကဖြစ်ပါတယ်။ ဒီဝေလျှံကိုယ်ပိုင် အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဒီလိုထူးချွန်စွာ အောင်မြင်ဖို့ အတော်လေးကြိုးစားလိုက်ရပါတယ်။ ပေးဆပ်မှုရှိမှလည်း အောင်မြင်မှုရှိမှာ ဖြစ်တဲ့အတွက် စာမေးပွဲဖြေစဉ်ကာလမှာလည်း တစ်နေ့ကိုနာရီဝက် တစ်နာရီ လောက်ပဲအိပ်ပြီး စာကိုကြိုးစား ကျက်မှတ်ခဲ့ပါတယ်။ အခုလို ကျွန်မတို့ကြိုးစားမှုအပေါ် နိုင်ငံတော်က အသိအမှတ်ပြုတဲ့အတွက် အလွန်ကိုဝမ်းသာပျော်ရွှင် မိပါတယ်။ ဒီနေ့ကတော့ ကျွန်မအတွက် မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်ကတာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ရောဂါဝေဒနာ ခံစားနေရသူတွေကို ဆေးကုသပေးပြီး ကုသိုလ်ယူချင်တဲ့ စိတ်ရှိတဲ့အတွက် ဆေးကျောင်းတက်ဖို့ ရည်ရွယ်ထားပါတယ်။ အမှတ်မီမယ်ဆိုရင်တော့ ဆေးကျောင်းတက်ချင်ပါတယ်။ စာပေဆိုတာက ငယ်ငယ်ကတည်းက ကြိုးစားခဲ့မှအောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာကိုသေချာကြိုးစားလေ့လာပြီး အောင်မြင်မှုတွေရယူကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မနှင်းသန့်နဒီ (ဘာသာစုံဂုဏ်ထူးရှင်)

ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မှာ နေထိုင်ပြီး ထိပ်ဖျားရောက် ကိုယ်ပိုင် အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကိုယ်သင်ယူချင်တဲ့ အဆင့်မြင့်ပညာရပ်တွေ သင်ကြားခွင့်ရအောင် စာသင်နှစ်အစကတည်းက စာကို ကြိုးစားလေ့လာပါတယ်။ တစ်နှစ်ပတ်လုံးစာကို စိတ်နှစ်ပြီး ကျက်ခဲ့တဲ့အတွက် ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတောင်တက်ခဲ့ရပါသေးတယ်။ ဒီလိုကြိုးစားမှုဟာ အောင်မြင်မှုတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုကို နိုင်ငံတော်က အသိအမှတ် ပြုပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီနေ့ဂုဏ်ပြုပွဲ အခမ်းအနားကြီးက အလွန်ကိုခမ်းနားထည်ဝါလှပါတယ်။ ကျွန်မဘဝမှာ အခုလို ခမ်းနားတဲ့အခမ်းအနားမျိုး ပထမဆုံး တက်ရောက်ဖူးတာဖြစ်ပါတယ်။ မိမိကိုယ်ကိုလည်း ဂုဏ်ယူ မိပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံကိုချစ်တဲ့အတွက် နိုင်ငံခြားကို သွားရောက် အလုပ်လုပ်ကိုင်ဖို့မရှိပါဘူး။ အမှတ်မီခဲ့မယ်ဆိုရင် ဆေးကျောင်းတက်ပြီး ကောင်းမွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။ နောင်တက္ကသိုလ်ဝင် စာမေးပွဲဖြေကြမယ့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့လည်း စာကိုနှစ်စကတည်း ကသေချာကြိုးစားလေ့လာစေလိုပါတယ်။ အောင်မြင်မှုလိုချင်ရင် ဝီရိယစိုက်ထုတ်ဖို့လည်း လိုအပ်ပါတယ်။

မလဝန်းအိမ် (ဘာသာစုံဂုဏ်ထူးရှင်)

ကျွန်မအနေနဲ့ ခြောက်ဘာသာ ဂုဏ်ထူးထွက်ရှိဖို့အတွက် နှစ်စကတည်းက သင်ခန်းစာတွေကို သေချာလေ့ကျင့်မှတ်သားပါတယ်။ စာမေးပွဲဖြေဆိုခါနီးရင် အားလုံးကပင်ပန်းကြပါတယ်။ စိတ်ကိုသေချာစုစည်းပြီး ဘာသာရပ်တိုင်းကို အသေးစိတ်မှတ်သား လေ့ကျင့်ပါတယ်။ သင်ခန်းစာတိုင်းကိုလည်း အထပ်ထပ်အခါခါ ပြန်လည်လေ့ကျင့် ကြိုးစားခဲ့ပါတယ်။ ရည်မှန်းချက် ကတော့ ဆေးပညာကိုလေ့လာ သွားမယ်လို့ စဉ်းစားထားပါတယ်။ ကျွန်မတို့ရဲ့ ထူးချွန်မှုကို အခုလိုခမ်းခမ်းနားနားနဲ့ နိုင်ငံတော်အဆင့် ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတိုင်းမသိ ဝမ်းသာဂုဏ်ယူပါတယ်။ မောင်လေး၊ ညီမလေးတွေကိုလည်း ပင်ပန်းပေမယ့် ကြိုးစားကြည့်ပါလို့ ပြောချင်ပါတယ်။ ကြိုးစားမှုကြောင့်ရရှိလာတဲ့ အောင်မြင်မှုရလဒ်ကို ခံစားကြည့် ပါလို့ ပြောချင်ပါတယ်။

ဒေါ်သင်းနုနုစိန်

(ညွှန်ကြားရေးမှူး၊ အခြေခံပညာဦးစီးဌာန)

ဒီနေ့အခမ်းအနားက တစ်နိုင်ငံလုံးမှာ ဘာသာစုံဂုဏ်ထူးရရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတော်အဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ဒီလို ဂုဏ်ပြုဆုချီးမြှင့်တဲ့အခမ်းအနားကို ကျင်းပပေးတဲ့အတွက် ပညာကိုဆက်လက် သင်ယူလို စိတ်၊ ကြိုးစားအားထုတ်လိုစိတ်ပိုမို ဖြစ်ထွန်းလာစေပြီး နိုင်ငံ့သားကောင်းတွေ ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ပါတယ်။ ဒီလိုအခမ်းအနားနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေကို ဆုချီးမြှင့်တဲ့အတွက် တခြားကျောင်းသား ကျောင်းသူတွေကလည်း လေးစားအားကျပြီး ပိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့အတွက် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေက ၅၀၇ ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သူတွေရှိတဲ့အတွက် ၄၇၇ ဦးတက်ရောက် မှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတော် အဆင့်အခမ်းအနားနဲ့ ဆုချီးမြှင့်လိုက်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေအားလုံး အထောက်အပံ့တွေအများကြီး ရရှိစေပါတယ်။ ကျောင်းသား ကျောင်းသူ အားလုံးက မူလတန်းကတည်းက အထက်တန်းအထိ တစိုက်မတ်မတ်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးစား အားထုတ်လာတဲ့ ကလေးတွေ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားကြီးတစ်ခုနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့ အတွက် စိတ်ခွန်အားတွေဖြစ်ပြီး ပိုပြီးကြိုးစားချစ်စိတ်တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဒီလိုထူးချွန်ထက်မြက်တဲ့ လူငယ်တွေ ပေါ်ထွန်းလာပြီဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီးအထောက်အကူပြုစုစေမှာ ဖြစ်ပါတယ်။ ။