၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများအား ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ကြောင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတစ်ဝန်းလုံးမှ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိအောင် စာပေကြိုးစားလေ့လာဆည်းပူးခဲ့မှုနှင့် မိမိတို့ကြိုးစားခဲ့မှုရလဒ်အပေါ် နိုင်ငံတော်မှ အသိအမှတ်ပြု၍ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ပေးမှုအပေါ် ခံစားရသည့် ဝမ်းသာပီတိစကားသံများကို ရေးသားမျှဝေတင်ပြပေးလိုက်ရပါသည်။
မောင်မင်းခန့်ဗိုလ် (ဘာသာစုံဂုဏ်ထူးရှင်၊ မြန်မာတစ်နိုင်ငံလုံးသိပ္ပံဘာသာတွဲ ပထမအမှတ်အများဆုံးရရှိသူ)
ကျွန်တော်ဘာသာစုံဂုဏ်ထူးနဲ့ အမှတ်အများဆုံးဖြစ်အောင် သေသေချာချာတစိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်။ တစ်နေ့စာတစ်နေ့ပြီးအောင် လေ့လာကျက်မှတ်ပါတယ်။ အထပ်ထပ်အခါခါ လေ့ကျင့်ခန်းတွေ ပြန်လည်လေ့ကျင့်ပါတယ်။ ကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ကြားလမ်းညွှန်မှု၊ မိဘတွေရဲ့အားပေးမှုတွေနဲ့ သေသေချာချာ ကြိုးစားခဲ့ပါတယ်။ အခုလိုဘာသာစုံထူးချွန်သူတွေကို နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်က ဆေးတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံတော်ကအားထားရတဲ့ ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်ကသာ ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင် အောင်မြင်မှုဆိုတာက ကြိုးစားရင် ကြိုးစားသလောက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားခဲ့သမျှ အရာအားလုံးက နောင်တစ်ချိန်မှာ ထိုက်သင့်သလောက် အရာထင်ကျန်စေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ညီလေး၊ ညီမလေးတွေကလည်း ဘာသာစုံဂုဏ်ထူးတွေနဲ့ နိုင်ငံတော်အတွက် အားကိုးရတဲ့သူတွေဖြစ်အောင်ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
မနှင်းကြယ်စင်ထွန်း (ဘာသာစုံဂုဏ်ထူးရှင်၊ မြန်မာတစ်နိုင်ငံလုံးသိပ္ပံဘာသာတွဲ ဒုတိယအမှတ်အများဆုံးရရှိသူ)
၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲမှာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ရမှတ် အများဆုံး ဒုတိယဆုရရှိထားတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(၁) ဒဂုံကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ကျွန်မကြိုးစားပြီးရခဲ့တဲ့ရလဒ်ကို အသိအမှတ်ပြုဂုဏ်ပြုပွဲကို တက်ရောက်ရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ KG+12 စနစ်သစ်ဖြစ်တဲ့အတွက် မေးခွန်းဟောင်းလည်း မရှိခဲ့တဲ့အတွက် သေသေချာချာ လေ့လာမှတ်သား ကြိုးစားခဲ့ရပါတယ်။ နားမလည်တဲ့ သင်ခန်းစာတွေဆိုရင်လည်း ဆရာဆရာမတွေကို မေးမြန်းပြီးလေ့ကျင့်ပါတယ်။ တစ်နေ့စာတစ်နေ့ကိုလည်း ပြတ်အောင် လေ့ကျင့်ပါတယ်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပြီး လေ့ကျင့်ခဲ့တဲ့အတွက် အခုလိုထူးချွန်ခဲ့တာဖြစ်ပါတယ်။ ကျွန်မရဲ့ရည်မှန်းချက်ကတော့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ချင်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ထူးချွန်တဲ့ဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်။ မောင်လေး၊ ညီမလေးတို့ကို ပြောချင်တာကတော့ စနစ်သစ် ဖြစ်တဲ့အတွက် အထူးဂရုစိုက်ရမယ်လို့ ပြောချင်ပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယတို့ကို ပေါင်းစည်းပြီးတော့ တစိုက်မတ်မတ်နဲ့ ကြိုးစားသွားမယ်ဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုနဲ့ထိုက်တန်တဲ့ အသီးအပွင့်အောင်မြင်မှုတွေကိုရရှိမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
မောင်အောင်ကောင်းပြည့် (ဘာသာစုံဂုဏ်ထူးရှင်)
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူး ထွက်ရှိဖို့အတွက် ဘာသာစုံအလိုက် လေ့လာကျက်မှတ်ရပါတယ်။ စာသင်နှစ်အစကတည်းက တစိုက်မတ်မတ်နဲ့ လေ့ကျင့်သင်ယူရပါတယ်။ လူရည်ချွန်စာမေးပွဲနဲ့ တက္ကသိုလ်ဝင်စာမေးပွဲပါ ဖြေဆိုတဲ့အတွက် နှစ်ဖက်စလုံးကို မလစ်ဟင်းရအောင် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရှင်တွေကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာသာစုံဂုဏ်ထူးထွက်အောင် ကြိုးစားခဲ့ရတာကို အသိအမှတ်ပြုပေးတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူ ဖြစ်ရပါတယ်။ ခြောက်ဘာသာဂုဏ်ထူးရှင် လူရည်ချွန်တစ်ယောက်အနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်တွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်သယ်ပိုးနိုင်တဲ့ နိုင်ငံသားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ညီလေး၊ ညီမလေးတွေအနေနဲ့လည်း ကြိုးစားကြပါ၊ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုပွဲတွေကိုလည်း နိုင်ငံတော်က ကျင်းပပေးနေတဲ့အတွက် နိုင်ငံတော်အတွက် အားကိုးအားထားရတဲ့လူငယ်တွေ ဖြစ်အောင်ဇွဲ၊ လုံ့လ၊ ဝီရိယထားကြပါလို့ ပြောချင်ပါတယ်။
ဒေါ်သက်သက်သင်း (ကျောင်းအုပ် ဆရာမကြီး၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း)
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၅၀၇ ဦး ရှိပါတယ်။ ယခင်နှစ်တုန်းကလည်း ဘာသာစုံဂုဏ်ထူးရရှိတဲ့ ကျောင်းသား ကျောင်းသူတွေရှိပါတယ်။ ဒီတစ်ခါမှာတော့ ခြောက်ဘာသာ ဂုဏ်ထူးရှင်တွေ အမြောက်အမြား ထွက်ရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ထူးချွန်မှုကို အင်မတန် ဝမ်းသာဂုဏ်ယူပါတယ်။ ခြောက်ဘာသာဂုဏ်ထူးရှင်တွေ အကုန်လုံးကို စုစုစည်းစည်းနဲ့ တစ်နေရာတည်းမှာ နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ဆုချီးမြှင့်တဲ့အတွက် ကျောင်းသားကျောင်းသူ အားလုံးကလည်း အားကျစိတ်၊ ဂုဏ်ယူစိတ်၊ အတုယူစိတ်၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်ကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပေးတယ်။ ကျောင်းသား ကျောင်းသူတွေကလည်း ဘာသာစုံဂုဏ်ထူးရမှချီးမြှင့်ခံရတာ ဖြစ်တဲ့အတွက် ခြောက်ဘာသာလုံးကို ကြိုးစားလာ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်သင်းနုနုစိန် (ညွှန်ကြားရေးမှူး၊ အခြေခံပညာဦးစီးဌာန)
ဒီနေ့အခမ်းအနားက တစ်နိုင်ငံလုံးမှာ ဘာသာစုံဂုဏ်ထူးရရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ဒီလိုဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပပေးတဲ့အတွက် ပညာကို ဆက်လက်သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်လိုစိတ် ပိုမိုဖြစ်ထွန်းလာစေပြီး နိုင်ငံ့သားကောင်းတွေ ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ဒီလိုအခမ်းအနားနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေကို ဆုချီးမြှင့်တဲ့အတွက် တခြားကျောင်းသား ကျောင်းသူတွေကလည်း လေးစားအားကျပြီး ပိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့အတွက် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေက ၅၀၇ ဦးရှိပြီး အကြောင်း အမျိုးမျိုးကြောင့် မတက်ရောက်နိုင်သူတွေ ရှိတဲ့ အတွက် ၄၇၇ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ဆုချီးမြှင့်လိုက်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေအားလုံး အထောက်အပံ့တွေ အများကြီးရရှိစေပါတယ်။ ကျောင်းသား ကျောင်းသူအားလုံးက မူလတန်းကတည်းက အထက်တန်းအထိ တစိုက် မတ်မတ်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားအားထုတ်လာတဲ့ကလေးတွေ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားကြီး တစ်ခုနဲ့ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် စိတ်ခွန်အားတွေဖြစ်ပြီး ပိုပြီးကြိုးစားချစ်စိတ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဒီလိုထူးချွန်ထက်မြက်တဲ့ လူငယ်တွေ ပေါ်ထွန်းလာပြီဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊
အေးအေးသန့်
ဓာတ်ပုံ - အေအေတီ