Skip to main content

ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၁

ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖက်ဒရယ်လား/အကြမ်းဖက်လား ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပရာ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ အမျိုးသားရေးအဖွဲ့များ၊ စိတ်ပါဝင်စားကြသည့် ပြည်သူများနှင့် ပြည်တွင်း/ပြည်ပမီဒီယာများ တက်ရောက်ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ညှိနှိုင်းဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒေါက်တာနိုင်ဆွေဦးနှင့် နိုင်ငံရေးသုတေသီ ဦးအောင်ဖြိုးကျော်တို့က ပါဝင်ဆွေးနွေးကြသည်။

ညှိနှိုင်းဆွေးနွေးတောင်းဆိုနိုင်

ရှေးဦးစွာ ဦးလှသိန်းက ဆွေးနွေးပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် တပ်မတော်က အာဏာကိုထိန်းသိမ်းခဲ့ရကြောင်း၊ ယခုနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် တိုက်ပွဲများဖော်ဆောင်နေမှုသည် NCA ကို ဖောက်ဖျက်သောအဖွဲ့များဖြစ်ကြောင်း၊ ထိုဒေသတွင် အခြားတိုင်းရင်းသားများကို မောင်းထုတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် မိမိတို့အကျိုးစီးပွားအတွက်လား၊ နိုင်ငံပျက်စီးအောင် လုပ်ဆောင်နေတာလားဟု မေးစရာများဖြစ်လာကြောင်း၊ အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပျက်စီးစေကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်မှု မှန်သမျှကိုလက်မခံကြောင်း၊ ယခုလို လက်နက်ကိုင်ပစ်ခတ်တိုက်ခိုက်နေမှုသည် ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ကြောင်း၊ မိမိ အဖွဲ့အစည်းကောင်းကျိုးအတွက်လား၊ ဖက်ဒရယ်ကို လိုချင်တာလားဆိုတာကို မေးမြန်းစရာဖြစ်လာကြောင်း၊ ယခုလို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုသည် ပြည်သူများနေရပ်စွန့်ခွာ ထွက်ပြေးရသဖြင့် အတိဒုက္ခရောက်နေရကြောင်း၊ နိုင်ငံတော်က ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားပြီးဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ပြီး လွှတ်တော်ပေါ်ပေါက်လာပါက မိမိတို့လိုအပ်ချက်ကို ညှိနှိုင်းဆွေးနွေးတောင်းဆိုနိုင်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ဦးသိန်းကြည်က နိုင်ငံရေးတွင် အမြဲတမ်းရန်သူ/ မိတ်ဆွေမရှိဘဲ အကျိုးတူသာ ရှိတတ်ကြောင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားများ၊ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများ ထိခိုက်သေဆုံးနေရကြောင်း၊ နိုင်ငံရေးတွင် သွေးမထွက်သော နိုင်ငံရေးနှင့် သွေးထွက်သောနိုင်ငံရေးဟူ၍ နှစ်မျိုးရှိပြီး နိုင်ငံရေးဖြင့် ဆုံးဖြတ်၍မရပါက စစ်ရေးသို့ ဦးတည်တတ်လေ့ရှိကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ အကြမ်းဖက်မှုကို လက်ခံလေ့မရှိကြောင်း၊ လက်နက်ကိုင်၍ နယ်မြေများ စိုးမိုးလာခြင်းသည် NCA သဘောတူညီမှု ချိုးဖောက်ခြင်းသာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည်ခြင်းဖြစ်၍ တိုင်းပြည်ထိခိုက်နစ်နာနိုင်မှုကို အလေးထား စဉ်းစားရန်လိုအပ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲမှုမှသည် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်ကို အထူးသတိပြုသင့်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဖြစ်ရာ တပ်မတော်အင်အားရှိရန် ပြည်သူလူထုက တပ်မတော်ကို ကူညီထောက်ခံအားပေး ရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

အစိတ်စိတ်အမြွှာမြွှာကွဲသွားနိုင်

ဆက်လက်၍ ဦးအောင်ဖြိုးကျော်က တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ်ကိုသွားနေသည်ဟု ဆိုသော်လည်း လက်နက်ကိုင်၍ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကိုသာ တွေ့ရှိရကြောင်း၊ ဗဟိုကိုအားပြုသောစနစ်သည် ဖက်ဒရယ်စနစ်ဖြစ်ပြီး ပြည်နယ်/တိုင်းများက အကောင်အထည်ဖော်ဆောင်ရွက်မှုသည် ဖက်ဒရယ်စနစ်ပင်ဖြစ်ကြောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်မှုသည် ဖက်ဒရယ်လမ်းစဉ်ဖြစ်၍ အောင်မြင်မှုရရှိခဲ့သည်ကို ၂၀၁၀-၂၀၁၅ တွင် တွေ့မြင်ခဲ့ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်ကိုအကြောင်းပြပြီး ၎င်းတို့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် ဒေါက်တာနိုင်ဆွေဦးက လက်နက်စွဲကိုင်ပြီး အစိုးရကိုတိုက်ခိုက်ခြင်း၊ ပြည်သူကို သတ်ဖြတ်ခြင်းသည် ဖက်ဒရယ်စနစ်ကို လိုလားသူများမဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းသာဖြစ်ကြောင်း၊ တိုက်ခိုက်သတ်ဖြတ်၍ နယ်မြေများရယူခြင်းသည် အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး ပြည်သူများ ထိခိုက်နစ်နာပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေသော အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲကာကွယ်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

သတင်းစဉ်