Skip to main content

ဧရာဝတီတိုင်းဒေသကြီး ငဝန်တာနှင့် မြန်အောင်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၀

မြစ်ရေများမြင့်တက်လာမှုအခြေအနေအရ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးကြပ်မတ်ကူညီဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၌ ရောက်ရှိနေသော စိုက်ပျိုး​​ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ​ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်များတွင် ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်များ၏ ရေဘေးကာကွယ်မှုဧရိယာ ၃၀၀၃၈၄ ဧကကို ရေကြီးနစ်မြုပ်မှု ကာကွယ်ထားသည့် အလျား ၇၃ ဒသမ ၈၆၅ မိုင်ရှိ ငဝန်တာ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေလဲရွာ ရေကင်းစခန်း တာမိုင် ၂၀ မိုင် ၄ဖာလုံ၊ သခွပ်ချောင်းရေကင်းစခန်း တာမိုင် ၂၆ မိုင် ၃ ဖာလုံ၊ အိုင်သပြုရေကင်းစခန်း တာမိုင် ၃၁မိုင် ၂ ဖာလုံရှိ ရေကင်းစခန်းများကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ရေဘေးကာကွယ်မှု ဧရိယာ ၁၃၆၃၂၁ ဧက၏ တာမိုင် ၃၉ ဒသမ ၂၅ မိုင်နှင့် အင်္ဂပူမြို့နယ် ရေဘေးကာကွယ်မှုဧရိယာ ၆၅၅၃ ဧက၏ တာမိုင် ၉ ဒသမ ၂၅ မိုင် ရေကင်းစခန်းများ ကိုလည်းကောင်း၊ ရေဘေးကာကွယ်ထားရှိသည့် မြန်အောင်တာ၏ တာမိုင် ၆ မိုင် ၇ ဖာလုံ၌ မြစ်ကမ်း ပြိုကျမှု ကာကွယ်ဆောင်ရွက်ထားရှိမှု၊ ၆ မိုင် ၃ ဖာလုံ ရေလွတ်ဘောင်ပြည့်မီအောင် သဲအိတ်ဖြင့် တာထိပ်ဆင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ၅ မိုင် ၇ ဖာလုံ မြစ်ကမ်းကာကွယ်ထားရှိမှု၊ ရေကင်းစခန်းနှင့် အရေးပေါ်ပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း၊ ၄ မိုင် ၆ ဖာလုံနှင့် ၄ မိုင် ၇ ဖာလုံအကြား ရေစိမ့်ပေါက်အချို့ကို ရေခွေပြုလုပ်၍ အရေးပေါ်ယာယီကာကွယ် ထားရှိခြင်းလုပ်ငန်းများနှင့် ရေကင်းစခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုနှင့် တာတမံလုပ်သားများ ခန့်အပ်ထားရှိမှု၊ ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားကြီးများ အသင့်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေကင်းလှည့်ဇယားများဖြင့် နေ့ညမပျက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တာတမံကြံ့ခိုင်မှု အခြေအနေကို လှည့်လည်ကြည့်ရှု စောင့်ကြည့်စစ်ဆေး ရန်လိုအပ်ချက်များ၊ ရေခွေပြုလုပ်ရာတွင် လိုအပ်သည့် အမြင့်ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ ရေဘေးကာကွယ်ရေးတာများတွင် တာတမံထိခိုက် စေနိုင်သည့်အချက်များ စစ်ဆေးတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာတာဝန်ရှိသူများ အားသတင်းပို့၍ ကြိုတင်ကာကွယ်မှုများ ပေါင်းစပ် ညှိနှိုင်းဝိုင်းဝန်း ဆောင်ရွက်ထားရှိကြရန်၊ သဲအိတ်၊ မိုးကာ၊ ဝါးမျောနှင့် ကျောက်စသည့် အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိ၍ ရေလမ်း၊ ကုန်းလမ်းမှ လိုအပ်သည့်နေရာများသို့ အလျင်အမြန်သယ်ယူပို့ဆောင်နိုင်ရေးနှင့် တာတမံဝန်ထမ်းများ၊ တာလုပ်သားများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ကျတာလုပ်သားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေးအထူးဂရုပြုကြရန်၊ မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဝါးရေလွှဲကထစ်တန်းရိုက်ခြင်း၊ Geo bag ချခြင်း၊ တာထောက်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ ဦးစီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ ရပ်များကို ဆွေးနွေးမှာကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဧရာဝတီမြစ်ရေ နှစ်စဉ်တိုက်စားမှု​ကြောင့် မြစ်ကမ်းစား၊ ကမ်းပြိုမှုများဖြစ်ပေါ်မှု၊ ရေဘေးကာကွယ်ရေးတာများကို ရေတိုက်စားမှုကာကွယ်နိုင်ရေးအတွက် ရေရှည်ထိန်းသိမ်းစောင့်ရွက်နိုင်မည့် အစီအမံများ​၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်