နေပြည်တော် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၏ (၃၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးရှိ အာရုံခံတန်ဆောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောသလ္လအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ သာသနာ့ဝေပုလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ရေစက်ချအနုမောဒနာ တရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူ ဘုရားကြီး၌ ပြုလုပ်သည့် (၃၁) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ပူဇော်ပွဲကို ဇူလိုင် ၁၅ ရက်မှ ယနေ့အထိ ငါးရက်တိုင်တိုင် ရွက်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်