ရန်ကုန် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်ခင်း။ ဇူလိုင်မိုးစက်မိုးပွင့်များက တဖွဲဖွဲကျဆင်းနေသည်။ မိုးတဖွဲဖွဲကြားမှာပင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များသည် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ တဖွဲဖွဲလာရောက်ခဲ့ကြသည်။
မိသားစုဝင်များထဲတွင် အချို့ကအာဇာနည်ခေါင်းဆောင်ကြီးများ၏ ရင်နှစ်သည်းခြာသားသမီးများ၊ အချို့က အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးဆက်သစ် တူ၊ တူမ၊ မြေးမြစ်များ စသည်ဖြင့် မျိုးဆက်အလီလီ ပါဝင်ကြလေသည်။ အသက်အရွယ်အရ ကွာခြားသော်ငြား တူညီသောဆန္ဒက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးဆက်ဖြစ်ရသည်ကို သူတို့ဂုဏ်ယူကြသည်။ အာဇာနည်ခေါင်းဆောင်ကြီးများသို့နှယ် နိုင်ငံနှင့်လူမျိုးကို ချစ်ခင်ကြသည်။ မြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ကြီးပွားဖွံ့ဖြိုးတိုးတက်စေချင်ကြသည်။ သည်နေ့သည်အချိန် သည်အခါသမယတွင် သွေးသားတော်စပ်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို အထူးတလည်လွမ်းဆွတ်တမ်းတအမှတ်ရကြသည်။ အမှတ်တရစကားများကိုလည်း ပြောကြားခဲ့ကြသည်။
သခင်မြ၏သား
ဦးရဲမြင့်အောင်
အမှတ်တရကတော့ အာဇာနည်နေ့ရောက်တိုင်း ကျွန်တော်တို့ကတော့ နှစ်တိုင်းဂါရဝပြုဖို့ လာရတာပေါ့။ အာဇာနည်နေ့ရောက်တိုင်း မိသားစုဝင်တစ်ယောက်အနေနဲ့ သတိတရလွမ်းဆွတ်မှုတွေတော့ ရှိတာပေါ့။ လူငယ်တွေအတွက်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ဘယ်လိုစည်းစည်း လုံးလုံးနဲ့ လွတ်လပ်ရေးရအောင် အင်္ဂလိပ်ကပဲ ဖိနှိပ်ဖိနှိပ်၊ ဂျပန်ကပဲ ဖိနှိပ်ဖိနှိပ် ဘာအနှောင့်အယှက်တွေ ပေါ်ပေါ်တစ်ခုတည်းသော ရည်မှန်းချက်က လွတ်လပ်ရေးရဖို့ပဲ။ လူငယ်တွေအနေနဲ့လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီအချိန်မှာ လူငယ်ထုကိုလည်း စိတ်ဝမ်းမကွဲစေချင်ဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေထဲမှာလည်း လူမျိုးပေါင်းစုံပါတယ်။ ခရစ်ယာန်လည်းပါတယ်၊ တိုင်းရင်းသားတွေ အများကြီးပါတယ်။ မွတ်စလင်တွေလည်းပါတယ်။ လွတ်လပ်ရေးရအောင် တိုင်းပြည်ကို ချစ်တဲ့သူတိုင်းလုပ်ကြရမှာပဲ။ ဒီနေရာမှာ စိတ်ဝမ်းမကွဲဘဲ စည်းစည်းလုံးလုံးနဲ့ စည်းရုံးတဲ့စိတ်ဓာတ်နဲ့ ဘယ်လိုလုပ်သွား တယ်ဆိုတာကိုလည်း သတိတရနဲ့ နမူနာယူစေချင်ပါတယ်။
ဒီးဒုတ်ဦးဘချို၏မြေး
ဦးသန့်ဇင်ချို
မြန်မာ့ လွတ်လပ်ရေးအတွက်ရော တိုင်းပြည်အတွက်ပါ ဒီလိုမျိုးရှေ့က ဦးဆောင်ဦးရွက်လုပ်ရင်းနဲ့ အသက်ပေးသွားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ မိသားစုအနေနဲ့ နှစ်စဉ်ဂုဏ်ယူစွာနဲ့ပဲ မပျက်မကွက် အမြဲတမ်းလာရောက်ပြီး အခမ်းအနားကို တက်ခြင်းဖြစ်ပါတယ်။ အခုခေတ်ကတော့ ကျွန်တော်တို့အရင် ရှေးခေတ်တွေနဲ့တော့ တော်တော်ကွာသွားပါပြီ။ အိုင်တီခေတ်ဆိုတော့ အစစအရာရာ တီထွင်ကြံဆပြီး တိုးတက်အောင် လုပ်ကြတဲ့အတွက် နယ်ပယ်ပေါင်းစုံက အဘက်ဘက်က ဖွံ့ဖြိုးပြီးတော့ AI ဖြစ်လာ တဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ နောက်ကျမကျန်ဘဲနဲ့ ခေတ်နဲ့ရင်ပေါင်တန်းနိုင်ဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံက အခုလွတ်လပ်ရေးရပြီးကတည်းက ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ပြီး မငြိမ်းချမ်းတဲ့အတွက်ကြောင့်မို့ တိုးတက်မှုတွေက နောက်ကျပြီး ကျန်ခဲ့တာပေါ့။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း ဒီဟာကို သင်ခန်းစာယူကြပြီး တိုင်းပြည်တိုးတက်အောင် မျိုးချစ်စိတ်ကို အခြေခံပြီးလုပ်ဆောင်ကြရင်တော့ တိုင်းပြည်က မလွဲမသွေတိုးတက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မန်းဘခိုင်၏သမီး
ဒေါ်မြင့်မြင့်ခိုင်
ကျွန်မဖခင် မန်းဘခိုင်ကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ အသက်ပေးလှူသွားခဲ့ပါပြီ။ ကျွန်မတို့ သားသမီးတွေအနေနဲ့ လွတ်လပ်သွားတဲ့ ကိုယ့်ရဲ့တိုင်းပြည်နိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးဖို့ စွမ်းဆောင်နိုင်သမျှ နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ ၄၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ။ ကျွန်မဖခင်မျှော်မှန်းတဲ့ ကျွန်မတို့ ကိုယ်တိုင်မျှော်မှန်းတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ရှေ့ဆက်ပြီး နိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ကြပါလို့ ပြောချင်ပါတယ်။ ကျွန်မတို့က ယနေ့အထိ နိုင်ငံတော်ကအသိအမှတ်ပြုထားတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဖြစ်ချင်တာက နိုင်ငံတော်ကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်နေတာကို တွေ့ချင်ပါတယ်။
မန်းဘခိုင်၏မြေး
နန့်ဇင်မိုးခိုင်
အမှတ်တရစကားအနေနဲ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ အဘဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ကိုးဦးကို ကျွန်မအဘိုးအပါအဝင် အားလုံးကို ကျေးဇူးတင်တယ်။ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ လူငယ်တွေအတွက် အဘဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံ့အတွက် လွတ်လပ်ရေးရအောင်လုပ်သွားသလိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေလည်း မြန်မာနိုင်ငံကြီး တိုးတက်အောင်မြင်အောင် လုပ်ဆောင်သွားကြပါ။ နိုင်ငံကြီးလွတ်လပ်ရေးရအောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုဆိုတာ မလွယ်ဘူးလေ။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အဘ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အာဇာနည်ကိုးဦးထဲမှာ ကျွန်မရဲ့အဘိုးကိုယ်စားဂုဏ်ယူမိတယ်၊ လေးစားမိတယ်။ အဘိုးရဲ့မြေးဖြစ်ရတာ ဝမ်းသာမိတယ်။
မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏သား
စဝ်ကိုင်ဖ
နှစ်စဉ် ခမ်းခမ်းနားနား မမေ့မလျော့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရစွာနဲ့ ဂုဏ်ပြုပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်ကလည်း နေမကောင်းတဲ့ကြားက ကြိုးစားပြီးတက်ရောက်ခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဦးရာဇတ်၏သား
ဦးလှကြည်
အာဇာနည်နေ့အကြောင်းကို ကျောင်းဆရာ ဆရာမတွေ သိရမယ်။ နားလည်ရမယ်။ ပြီးရင် ကျောင်းသား လူငယ်တွေကို တစ်ဆင့်ပြန်ပြောရမယ်။ ဆရာ ဆရာမတွေ နားလည်ဖို့ လိုသေးတယ်။ သူတို့နားလည်မှ ကျောင်းသားတွေကို ပြန်ပြောလို့ရမယ်။ လူငယ်တွေအတွက်က အာဇာနည်ခေါင်းဆောင်ကြီးတွေကို အတုယူသင့်တယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်းနဲ့ လုပ်ကြံခံရတဲ့သူတွေအကြောင်းကို ကျောင်းသားလူငယ်တွေသိဖို့ လိုတယ်။
ဦးအုန်းမောင်၏သား
ဒေါက်တာမင်းမြင့်
(ပါမောက္ခ/ဌာနမှူး-ငြိမ်း)
ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နောင်လာနောက်သားကလေးတွေက လူလတ်ပိုင်းရော၊ လူငယ်ပိုင်းရော ဘာအတုယူသင့်တယ်ဆိုတာ အတိုချုံ့ပြောလိုက်ပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံက အာဇာနည်ခေါင်းဆောင်ကြီးဖြစ်ပြီး နိုင်ငံခြားက အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ လုံးဝမတူပါဘူး။ ဘာလို့မတူလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထူးခြားချက်က လက်ရုံးရည်၊ နှလုံးရည်ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ငယ်ငယ်နဲ့ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီး ဂျပန်ပြည်မှာသွားပြီး စစ်သင်တန်းတက်တယ်။ ပြီးတော့ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်။ ပြီးတော့ ဂျပန်ကို တော်လှန်ခဲ့တယ်။ ဂျပန်ထွက်သွားပြီး အင်္ဂလိပ်ဝင်လာတယ်။ အင်္ဂလိပ်ကလည်း လွတ်လပ်ရေးပေးတော့မလိုနဲ့ မပေးဘဲနဲ့ အချိန်ဆွဲနေတယ်။ ပင်လုံညီလာခံတို့ ဘာတို့ အကုန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီမှာ နှလုံးရည်ဘယ်လောက်တော်တယ်၊ ပြည့်ဝတယ်ဆိုတာ တကယ့်အာဇာနည်တွေ။ နိုင်ငံတကာမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူဦးဆောင်ပြီး ဝန်ကြီးချုပ်အက်တလီကို သူကိုယ်တိုင်တွေ့ပြီး ဆွေးနွေးတယ်။ ဆွေးနွေးပြီး အောင်မြင်သွားတယ်။ အောင်မြင်တော့ အောင်ဆန်းအက်တလီ စာချုပ်ချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ပြန်လာတဲ့အခါမှာ မမျှော်လင့်ဘဲနဲ့ ၁၉ ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ ဆရာ့အဖေအပါအဝင်၊ လုပ်ကြံခံရပြီး ကျဆုံးသွားတယ်။ အဲဒီနောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုက ဆက်လက်ပြီး အောင်ဆန်းအက်တလီ စာချုပ်ကို နုအက်တလီစာချုပ်လုပ်ပြီးတော့ ဗမာပြည်က လွတ်လပ်ရေးရခဲ့တယ်။ နှလုံးရည်ဘယ်လောက်တော်လဲဆိုတာ အဲဒါပဲ။ အခုလည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ကြိုးစားနေတာပဲ။ ခုလက်ရှိ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်နေတာပဲလေ။ ခုလုပ်နေတဲ့ ပုံစံကကြည့် လိုက်ရင်လမ်းကြောင်းက တည့်ပါတယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာ ပါဝင်နေတဲ့သူတွေရဲ့ သဘောအပေါ်မူတည်ပါတယ်။ အောင်မြင်ပါစေလို့ ပြည်သူတစ်ယောက်အနေနဲ့ ဆုတောင်းဆန္ဒပြုတာပေါ့။ အဲဒီအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားပေးကြပါ။
ရဲဘော်ကိုထွေး၏တူ
ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို(ငြိမ်း)
အာဇာနည်နေ့ရောက်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တမ်းတသတိရမိပါတယ်။ ဒီနှစ်တမ်းတသတိရတဲ့အခါမှာတော့ အဘတို့အနေနဲ့ အားလည်းနာမိတယ်၊ ရှက်လည်းရှက်မိတယ်။ ဗိုလ်ချုပ်တို့က သူတို့ အသက်မသေခင် မကွယ်လွန်ခင်ပေါ့နော်။ တာဝန်ကြီးသုံးရပ်ရှိတယ်၊ သူလုပ်ခဲ့တာတွေကတော့ အများကြီးပေါ့။ အဲဒါတွေကို ခွဲခြမ်းပြီး ပြန်ပြီးချုံ့လိုက်လို့ရှိရင် ပထမတာဝန်ကတော့ နိုင်ငံတော်လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာရရှိ ရေးဆိုတဲ့တာဝန်၊ ဒါကတော့ သူတို့ကြိုးစားခဲ့ပြီး ဒါကြိုးစားလို့လည်း တစ်နှစ်အတွင်းလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုပြီး ရသွားတယ်။ ဒုတိယတာဝန်ကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ တာဝန်ကြီး ဒီတာဝန်အရ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံမှာတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မျိုးစေ့ချပေးခဲ့တဲ့အတွက်လည်း တိုင်းပြည်က တောင်တန်းမြေပြန့် မခွဲခြားဘဲနဲ့ အားလုံးတစ်စုတစ်ပေါင်းတည်း လွတ်လပ်ရေးရသွားခဲ့တယ်။ နောက်တတိယတာဝန်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ တာဝန်ပေါ့။ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ကတော့ လွတ်လပ်ရေးမရသေးတဲ့အတွက်ကြောင့် မူဝါဒတွေပဲချမှတ်ပြီး ထမ်းဆောင်ခဲ့ရတာပေါ့။ ပြောရမယ်ဆိုရင် ဒီတာဝန်သုံးရပ်မှာ အခြေခံအကျဆုံးက ဘာလဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိရေးဒီတာဝန်အဲဒါသူတို့ လုပ်နိုင်ခဲ့တဲ့အတွက် တောင်တန်းမြေပြန့် တစ်စည်းတစ်လုံးတည်းနဲ့ လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း နယ်ချဲ့ကချခဲ့တဲ့မျိုးစေ့၊ ဒီမျိုးစေ့ကြောင့် တိုင်းရင်းသားပြည်သူ လူထုအချင်းချင်းသွေးခွဲမှုတွေက ဆိုးလာလိုက်၊ ပြန်ကောင်းလာလိုက်၊ ဆိုးလိုက်ပေါ့ အဲဒီလိုရှိခဲ့တယ်။ ဒီဟာတွေကြောင့်ပဲ နိုင်ငံတော်လွတ်လပ် ရေးနဲ့ အချုပ်အခြာထိပါးတဲ့ အရိပ်အယောင်တွေမြင်လာတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ပြောချင်တာကတော့ သက်ကြီးရွယ်အိုတွေ၊ လူလတ်တွေရော၊ လူငယ်တွေရော၊ အားလုံးက ကိုယ်နိုင်ရာနိုင်ရာ တာဝန်တွေထမ်းဆောင်ပြီး ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားကြပါလို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ရဲထွဋ်