ရန်ကုန် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင် လူပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စည်ကားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ပြတိုက်တွင် အာဇာနည်နေ့၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားပြီး အဆိုပါအထူးပြပွဲတွင် နည်းပညာပြကွက် (Digital Exhibition)၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း (၂၅)ခုကို ဖြေဆိုခြင်းဖြင့် ဆုငွေများ လက်ရောက်ချီးမြှင့်ခဲ့ရာ ဖြေဆိုသူများဖြင့် စည်ကားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်တို့မှအပ ကျန်နေ့ရက်တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက “(၇၇) နှစ်မြောက် အာဇာနည်နေ့မှာ ဒီနှစ်ဆိုရင် ပုံမှန်ခင်းကျင်းပြသမှုနဲ့ နည်းပညာပြကွက် (Digital Exhibition)ဆိုပြီး ကဏ္ဍနှစ်မျိုးနဲ့ ပြသထားပါတယ်။ ပုံမှန်ပြသမှုဆိုရင် ပြတိုက်မှာ ခင်းကျင်းပြသထားတဲ့အတိုင်းဖြစ်ပြီး နည်းပညာပြကွက်ဆိုရင် 3D ပိုရိုဂရပ်ဖစ်မှာ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ၊ ပြခန်းတွေက ပစ္စည်းတွေနဲ့ ပြတိုက်ပြင်ပရှုခင်းတွေကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်အောင် ပြသထားပါတယ်။ Digital Exhibition ပြကွက်မှာ ဗိုလ်ချုပ်မိန့်ခွန်းနဲ့ သမိုင်းကြောင်းကို စခရင်ပေါ်မှာ ကိုယ်တိုင်နှိပ်ရှာပြီး လေ့လာနိုင်အောင် စခရင်ဘုတ်ပြားတွေ ထောင်ပေးထားပါတယ်။ ဗိုလ်ချုပ်နဲ့ ပြတိုက်သမိုင်းကြောင်းနဲ့ ပတ်သတ်ပြီး ဉာဏ်စမ်းပဟေဠိ မေးခွန်း ဖြေဆိုနိုင်သူတွေကို ဆုငွေချီးမြှင့်တာလည်း ဆောင်ရွက်ပေးထားပါတယ်။ ဗိုလ်ချုပ်အိပ်ရာ ပြခန်းမှာ ဒီနှစ်ထူးခြားတာက ဗိုလ်ချုပ်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေမှာ A.S စာသားပါတဲ့ အဝတ်အစားနဲ့ ခရီးဆောင်သားရေသေတ္တာကို အများပြည်သူကြည့်ရှုလေ့လာနိုင်အောင်အပြင်ကို ထုတ်ပြီးပြသထားပါတယ်။ ဒီနှစ်မှာ အများပြည်သူပြီးပြည့်စုံစွာ လေ့လာသိရှိနိုင်အောင် နည်းပညာပိုင်းဆိုင်ရာများနဲ့ ဖြည့်စွက်ဆောက်ရွက်ပေးထားတဲ့အတွက် အများပြည်သူအားရကျေနပ်မှုရရှိစေမှာပါ။ မျိုးချစ်စိတ်နဲ့ အာဇာနည်စိတ်ထားတွေ ပေါ်ထွန်းလာအောင် သမိုင်းကြောင်းထဲက အဓိကပုဂ္ဂိုလ်တစ်ဦးကို မှတ်မိစေဖို့ ပြတိုက်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်က စာဖတ်အားကောင်းတယ်။ အင်္ဂလိပ်စာအုပ်ဆိုရင် ဘာသာရပ်အလိုက် ၂၃၉ အုပ်ကို ဖတ်ခဲ့တဲ့အတွက် နိုင်ငံတကာနဲ့ယှဉ်ပြီး ပြောဆိုဆက်ဆံနိုင်ခဲ့ပြီးတော့ လွတ်လပ်ရေးအတွက်လည်း တိုက်ပွဲဝင်နိုင်ခဲ့တာပါ။ ဒါတွေကို ကလေးတွေအနေနဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အနေအထိုင်၊ အပြုအမူကို မှန်းဆတမ်းတ မြင်ယောင်ပြီး အတုယူတတ်ဖို့လည်း လိုပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
ပြတိုက် အပေါ်ထပ်တွင် ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊ မှန်တင်ခုံ၊ သစ်သားဗီရို၊ ဗိုလ်ချုပ်အသုံးအဆောင်ပစ္စည်းများထားရှိပြီး ထိုအခန်းခေါင်းရင်း၌ ကြောင်လိမ်လှေခါးဖြင့် တက်ရသည့် တတိယထပ်တာဝါတွင်ရှိသော ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစုပူဇော်ခဲ့သည့် ဒက္ခိဏသာခါ ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံကို ဗိုလ်ချုပ်အိပ်ခန်းခေါင်းရင်းတွင် ဘုတ်ပြားပေါ်၌ ဓာတ်ပုံ/စာသားဖြင့် ပြသထားပြီး ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် ခရီးဆောင်အိတ်ကို ပြသထားသည်။ ဗိုလ်ချုပ်အိပ်ခန်းနံရံတွင် ဗိုလ်ချုပ်ပုံတူ ပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊ ဘေးတစ်ဖက်ရှိ စာဖတ်ခန်းတို့ကို ပြသထားပြီး ကလေးများအိပ်ခန်း၌ ခုတင်သုံးလုံး၊ အဝတ်ထည့်ဗီရိုနှင့် မှန်တင်ခုံတို့ကို ပြသထားသည်။
ဗိုလ်ချုပ်၏ သားသမီးများ အိပ်ခန်းအနီးတွင်ရှိသည့် အထူးအစည်းအဝေးခန်း၌ ဆက်တီတစ်စုံနှင့် နံရံတွင်ဗိုလ်ချုပ်မိန့်ခွန်းများ ကောက်နုတ်ချက်တို့ကို မြန်မာ/အင်္ဂလိပ်နှစ်ဘာသာဖြင့် ပြသထားပြီး ကလေးအိပ်ခန်း အနောက်ဖက်တံခါးရှိ ပြတိုက်စင်္ကြံလမ်းမှ ပြတိုက်အောက်သို့ ပတ်၍ ပြန်ဆင်းပါက ရေကန်အနီး၌ စိုက်ခင်းပြကွက်တွင် သီးပင်စားပင်စိုက်ပျိုးနေသည့် ဗိုလ်ချုပ်ရုပ်ထုပုံကို ပြသထားသည်။ ရေကန်အနီး ပြတိုက်ဝင်းအထွက်လမ်း၌ 3D ပိုရိုဂရပ်ဖစ်နှင့် နည်းပညာပြကွက်(Digital Exhibition) တို့ကို ပြသထားပြီး အများပြည်သူအထူးစိတ်ဝင်တစား လေ့လာခဲ့ကြကာ ဉာဏ်စမ်းပဟေဠိများကိုလည်း စိတ်ပါဝင်စားစွာ ဖြေဆိုကြသည်။
ယနေ့ (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား ယခင်နှစ်တို့ထက် နည်းပညာအစီအစဉ်တို့ကို တိုးမြှင့်ပြသခဲ့ရာ ပြတိုက်အင်္ဂါနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထား၍ မိုးဖွဲဖွဲနှင့်အတူ ကြည့်ရှုလေ့လာသူတို့ဖြင့် အထူးစည်ကားခဲ့သည်။
သတင်းစဉ်၊ ဓာတ်ပုံ - ကနူး