နေပြည်တော် ဇူလိုင် ၁၇
ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကမ်းလွန်စီမံကိန်းများနှင့် မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေတွင် ထုတ်လုပ်ရေးတွင်းနှင့် ရှာဖွေရေးတွင်းများ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေ၊ ဘုရားကုန်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရန် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်မှုရလဒ်အပေါ် လေ့လာဆန်းစစ်တွက်ချက်မှုအခြေအနေနှင့် လာမည့်ပွင့်လင်းရာသီအတွင်း စပါးကြီးစမ်း၊ နတ်စင်ကုန်းဒေသတို့တွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို တင်ပြကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ်သို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မိမိတို့နိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို စတင်လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျနေကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ခေတ်မီနည်းပညာများကို အသုံးပြု၍ ယခုထက် ပိုမိုကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံမှုရှိရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သဖြင့် အစီအမံများ သေချာစွာ ချမှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံစီမံကိန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ပံ့ပိုးပေးနိုင်ရေး အလေးထားရည်မှန်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီတွင် ဆောင်ရွက်မည့် ဆိုက်စမစ်တိုင်းတာရေး၊ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြီးပြတ်အောင် ယခုကတည်းက စီမံ ဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်