Skip to main content

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်တွင် မိုင်းဖောက်ခွဲထားမှုကြောင့် လူစီးရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရထားများ ကြန့်ကြာမှုဖြစ်

နေပြည်တော် ဇူလိုင် ၁၇   

ယနေ့ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရထားရောက်ရှိဖြတ်သန်းစဉ် အဆိုပါနေရာ၌ ရထားလမ်းမိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁) ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော လူစီးတွဲ (၂) တွဲ လမ်းချော်ကျမှုဖြစ်ပွားသည်။ ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ယာယီပိတ်ထားခဲ့ရပါသည်။

လမ်းပိုင်းပိတ်ဆို့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန်တွင် ကျိုက်ထိုသို့ ရောက်ရှိနေပြီး အဆိုပါရထားတွင် ရိုးရိုးတန်းခရီးသည် (၄၆၀) ဦးနှင့် အထက်တန်းခရီးသည် (၂၃၅) ဦး စုစုပေါင်း (၆၉၅) ဦး ပါရှိကြောင်း သိရှိရပါသည်။

လမ်းချော်ကျသည့် မော်လမြိုင်မှ ထွက်ခွာလာသော အမှတ် (၈၂) အစုန် လူစီးအမြန်ရထားပေါ်တွင် လိုက်ပါလာသည့် ရိုးရိုးတန်းခရီးသည် (၃၁၃) ဦးနှင့် အထက်တန်းခရီးသည် (၁၄၆) ဦး စုစုပေါင်း (၄၅၉) ဦးအား ဆက်လက်ထွက်ခွာနိုင်ရေးအတွက် ကျိုက်ထိုတွင် ရောက်ရှိနေသော အမှတ် (၈၁) အဆန် လူစီးအမြန်ရထားသည် ရထားလမ်းချော်ကျသည့်နေရာသို့ ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ခရီးသည်များအား ရထားကူးပြောင်းပြီးစီး၍ ညနေ ၅ နာရီခွဲတွင် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားအဖြစ် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

အမှတ် (၈၁) အဆန် လူစီးအမြန်ရထားမှ ခရီးသည်များ ဆက်လက်ထွက်ခွာနိုင်ရေးအတွက် လမ်းချော်ကျသော အမှတ် (၈၂) အစုန်တွဲဆိုင်း၏ လမ်းချော်မကျသော တွဲများဖြင့် ခရီးသည်များအား ကူးပြောင်းပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် သထုံဘူတာဘက်သို့ ဆက်လက်ထွက်ခွာပေးနိုင်ခဲ့ ပါသည်။ အဆိုပါခရီးသည်များ အဆင်ပြေစွာဆက်လက်ပို့ဆောင်ပေးနိုင်ရေးအတွက် မော်လမြိုင်တွင်ရှိသော စက်ခေါင်းနှင့် အရန်တွဲဆိုင်းဖြင့် သထုံဘူတာမှ စောင့်ကြိုပြီး အမှတ် (၈၁) အဆန် ရထားအဖြစ် မော်လမြိုင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။

မိုင်းဖောက်ခွဲဖျက်စီးခံရမှုကြောင့် ရထားလမ်းချော်ကျမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော ရထားစက်ခေါင်းနှင့် လူစီးတွဲ (၂) တွဲအားမတင်၍ လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေး ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။