Skip to main content

ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ပြင်ဦးလွင်ခရိုင်နှင့် ‌ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်၉နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ရှေးဦးစွာ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ခံဆရာမ ဒေါ်လွင်မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းစာကြည့်တိုက် များအရောက် ယခုလို ကွင်းဆင်းကာ စာပေဟောပြောပွဲ ကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ခရိုင်ဥက္ကဋ္ဌ ဦးမျိုးမင်းက လူငယ်နှင့်ရာဇဝင်ထဲကမှတ်သားဖွယ်ရာများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ပြင်ဦးလွင်ခရိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများ ဟောပြောဆွေးနွေးသည်။ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက  “ အနာဂတ်ကို ပိုင်စိုးမည့်သူများ ” ခေါင်းစဉ်ဖြင့် ဒေသခံပြည်သူများ စာပေဗဟုသုတဖြစ်ဖွယ်အကြောင်းအရာ များကို ဟောပြောဆွေးနွေးသည်။ ထို့နောက် ဆွေးနွေးချက်များအပေါ် မေးခွန်းများပြန်လည် မေးမြန်းရာ ပြန်လည်ဖြေဆိုဆွေးနွေးနိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ခရိုင်ဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့်ဘဏ္ဍာရေးမှူး ဒေါ်စောမိုးမိုးသန်းတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက အောင်ပန်းတိုင်ကိုယ်ပိုင်ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ တာဝန်ခံဆရာမ ဒေါ်လွင်မျိုးထွန်းက လက်ခံရယူသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး စာပေဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြင်ဦးလွင်ခရိုင်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းတို့သည် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုများနှင့် စာအုပ်စာစောင်များ စုဆောင်းထားရှိမှု စာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်နေမှုများအား ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်နိုင်ရေးနှင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ  ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနား သို့ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း ၁၆၀ ဦး တက်ရောက်ခဲ့ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင်လည်း ယခုကဲ့သို့ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)