ရန်ကုန် ဇူလိုင် ၁၆
၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသည် ယခုအခါ တတိယသက်တမ်းသို့ရောက်ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့်သတင်းမီဒီယာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။
ညှိနှိုင်းဖြေရှင်းပေးခြင်းများဆောင်ရွက်ခဲ့
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတတိယသက်တမ်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်ကို သတင်းမီဒီယာဌာနအသီးသီးမှ သတင်းမှန်ထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာသမားများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ သတင်းတုသတင်းမှားများကို စိစစ်ဝေဖန်သုံးသပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများတွင် ဟောပြောပွဲများကျင်းပလျက် သတင်းမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များနှင့် ညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုကိစ္စများအပေါ်တွင်လည်း နှစ်ဖက်ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တတိယသက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို မှတ်တမ်းအဖြစ်ပြုစုထားရှိသည့် “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ တတိယသက်တမ်းလှုပ်ရှားမှုပုံရိပ်များ (၁) စာအုပ်” ကို ထုတ်ဝေဖြန့်ချိခဲ့ပြီးဖြစ်သည်။
အခမဲ့ပေးပို့လှူဒါန်းသွားမည်
အဆိုပါစာအုပ်ကို ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာလုပ်ငန်းနှင့်ဆက်စပ်ပြီး စိတ်ပါဝင်စားသော အဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊ လေ့လာလိုသူများအတွက် အခမဲ့ဖြန့်ချိ လှူဒါန်းလျက်ရှိပြီး မည်သည့်စာကြည့်တိုက်များမဆို မှတ်တမ်းအဖြစ်ထားရှိလိုပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖုန်း - ၀၉၄၄၈၀၂၆၃၂၆ သို့ ဆက်သွယ်မှာကြားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အခမဲ့ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်