နေပြည်တော် ဇူလိုင် ၁၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ (International Organization for Migration- IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးခြင်းတို့ကို IOM မှ ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး IOM နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေးကိစ္စရပ်များနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်