Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ၁၄ ရွာမှ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာနတိုင်းဦးစီးမှူးက သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသော ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဒေသနှင့်ကိုက်ညီသော ဈေးကွက်ရှိသည့် မွေးမြူရေးလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ပါက လိုအပ်သည့် မျိုး၊ အရင်းအနှီးများရရှိရေး ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ဈေးကွက်ရရှိရေးတို့အတွက် နေပြည်တော်ကောင်စီ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် အိမ်ရှင်မဆီစက်လုပ်ငန်းတို့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစွမ်းအား စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်မင်းလွင်၏ တွန်းနနီမြေပဲ လေးဧက စိုက်ပျိုးထားမှုကိုလည်းကောင်း၊ အသင်းသားတောင်သူများနှင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသော ဆီထွက်သီးနှံစိုက်ခင်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်