နေပြည်တော် ဇူလိုင် ၁၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင်တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှု ရှိ/မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်နေထိုင်ခြင်းရှိ/မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်းရှိ/မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၂၂၁၆)သို့ရောက်ရှိပြီး အိမ်ရာတွင် ရေ၊ မီးရရှိမှု၊ LED မီးတပ်ဆင်ထားရှိမှု၊ အဆောက်အဦကြံ့ခိုင်မှု၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ/မရှိနှင့် အိမ်ရာပတ်ဝန်းကျင်၌ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့တိုက်ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ လျှပ်စစ်မီးလုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်ဆောင်ရွက်ရန်နှင့် အိမ်ရာပတ်ဝန်းကျင်ရှိ မြေလွတ်မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိ ကြရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုက်ခန်းနေမိသားစုများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်