နေပြည်တော် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNDAA/ TNLA/ AA) နှင့် ယင်းအဖွဲ့အစည်းများကို ကူညီဆက်စပ်၊ ပါဝင်ပတ်သက်နေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှလက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ ၎င်းတို့နှင့်လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းအပေါ် နိုင်ငံရေးပါတီ (၂၃)ပါတီက ဇူလိုင် ၁၁ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီနှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရုံး၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက လတ်တလောနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်း၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မီဒီယာများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းကြရာ ပါတီများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
သတင်းစဉ်