ရန်ကုန် ဇူလိုင် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သာကေတမြို့နယ်အတွင်း လက်ရှိဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ရရှိရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည်များ၊ သာကေတမြို့နယ်အတွင်း သောက်ရေ၊ သုံးရေရရှိရန် ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်သူလူထုအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို အလေးထားလုပ်ဆောင်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ် အနော်မာ (၂) ရပ်ကွက်တွင် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အတူ ဗဟို၊ တိုင်းဒေသကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သို့ ကွင်းဆင်းကြီးကြပ်ရာ အဆိုပါရပ်ကွက်ရှိ နေအိမ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရပ်ကွက်အတွင်း သောက်သုံးရေ ရရှိသုံးစွဲနေမှု အခြေအနေတို့နှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အခြားဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်