Skip to main content

သဘာဝဘေး ကြိုတင်ပြင်ဆင်ကာကွယ်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးရေချိန်စံချိန်တင်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးဦးကာလ ဇွန်လကုန်မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဧရာဝတီမြစ်ဖျား၌ မြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ရေဝင်နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့သည်။

မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များ ပေါများလှပြီး ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးငါးသွယ်နှင့် မြစ်လက်တက်များစွာရှိသည်။ ရေ၏သဘာဝအရ မြင့်ရာမှနိမ့်ရာသို့ တဖြည်းဖြည်းစီးဆင်းလေ့ရှိပြီး မိုးရွာသွန်းမှုမြင့်မားချိန်၌ တောင်ကျရေများအရှိန်ဖြင့် မြစ်များအတွင်းစီးဝင်သဖြင့် မြစ်ကြီး၊ မြစ်ငယ်များ ရေပြည့်လျှံကာ မြစ်နားနီးမြို့ရွာများ၊ အနိမ့်ပိုင်းဒေသများ ရေဝင်နစ်မြုပ်ကုန်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထား မြစ်ရေစီးကြောင်းသဘောအရ မြစ်အထက်ပိုင်းတွင် စတင်မြစ်ရေလျှံမှုဖြစ်ပွားပြီးနောက် မြစ်လယ်၊ မြစ်အောက်ပိုင်းတို့တွင် မြစ်ရေလျှံမှုများ ဆက်လက်ဖြစ်ပွားသည်။

ယခုအခါ မြစ်အစမြစ်အထက်ပိုင်း၌ မြစ်ရေလျှံမှုများဖြစ်ပွားပြီးနောက် မြစ်အလယ်၊ မြစ်အလယ်အောက်ပိုင်းတွင် မြစ်ရေလျှံမှုများဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့ တိုင်းထွာမှုများအရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့နှင့် ကသာမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ သပိတ်ကျင်းမြို့၊ ချောက်မြို့၊ မင်းဘူးမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့လည်းကောင်းရောက်ရှိနေသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး နောက်ရက်များတွင် ပြန်လည်ကျဆင်းမည့်သဘောရှိသည်။

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၌ စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိပြီး နောက်ရက်များတွင် ပြန်လည်ကျဆင်းနိုင်သည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတက်မှုအရ ကျန်မြစ်ကြီးမြစ်ငယ်များတွင်လည်း စိုးရိမ်ရေမှတ်အသီးသီးသို့ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင်ပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည်။ လက်ရှိတွင် ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေးနှင့် မြစ်ငယ်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။

ယခုအခါ မြစ်ရေဝင်ရောက်သည့် မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများ၏ပစ္စည်းများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာနေရာနှင့် ရေဘေးရှောင်စခန်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားရေရိက္ခာနှင့် လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအောက်ပိုင်းရှိ အချို့မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တရား) စုဖွဲ့မှုဖြင့် သရုပ်ပြလေ့ကျင့်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေကြီးမှုအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသည်။ မြစ်ရေကြီးမှုသည် ပုံမှန်ရေကြီး ရေလျှံမှုအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများကိုလည်း ကြုံတွေ့နိုင်သည်။ ယမန်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့မှု ၁၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်း သုံးရာနီးပါး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန် သေဆုံးမှုအချို့ရှိခဲ့သည်။ ယခုနှစ် မိုးရာသီကာလတွင် ယမန်နှစ်က မိုးရွာသွန်းမှုထက် မိုးဦးတွင်ပင် မိုးရွာသွန်းမှု အားကောင်းနေသဖြင့် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသော်လည်း သဘာဝဘေးတစ်မျိုးမျိုး ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားနိုင်ရန်နှင့် ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပါရန် အသိပေးအပ်ပါကြောင်း။       ။