Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်

နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် မော်စကိုမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ လေဆိပ်ဧည့်ခန်းမ၌ National University Of Science and Technology (MISiS) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သံမဏိထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ လွှဲပြောင်းလက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုလေဆိပ်မှ ဆက်လက်ထွက်ခွာကြပြီး (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ကျင်းပမည့် ယီကာကျီရင်ဘတ် မြို့သို့ရောက်ရှိရာ ဆဗျဲလော့ဗ်ပြည်နယ်၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးနှင့် ဆက်သွယ်ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စစ်လူဒ်မီလာဗော့ချ် (Mrs. Lyudmila Borg) က ကြိုဆိုနှုတ်ဆက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် ကုန်စည်ပြပွဲ “အင်နိုပရွန်- ၂၀၂၄” (ပြပွဲပထမရက်)သို့ တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ဒေသအသီးသီးမှ ခင်းကျင်းပြသထားသည့် သံနှင့်သံမဏိတူးဖော်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများ၊ သံနှင့်သံမဏိထွက်ကုန်များ၊ လေထုသန့်စင်ရေးပစ္စည်းများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရှာဖွေရေး စမ်းသပ်ပစ္စည်းများအပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆေးဝါးကုမ္ပဏီများမှ လာရောက်ခင်းကျင်းပြသထားသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာကိရိယာပစ္စည်းများကို လိုက်လံလေ့လာကြည့်ရှုကြသည်။ ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဆေးဝါးကုမ္ပဏီများနှင့် အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဆဗျဲလော့ဗ်ပြည်နယ် အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာအန်သွန်အလီဟာနော့ဗ် (Mr. Anton Alikhanov)နှင့် နိုင်ငံပေါင်း (၂၀) ကျော်မှ စက်မှုဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် (၁၄)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲနှင့်အတူ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကွန်ဖရင့်သို့ တက်ရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး၊ ကာဂျစ်သမ္မတနိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်သမ္မတနိုင်ငံစက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ တာဂျစ်ကစ်စတန် သမ္မတနိုင်ငံ စက်မှုနှင့်နည်းပညာသစ်များဆိုင်ရာဝန်ကြီး၊ ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး၊ ဘီလာရုဇ်သမ္မတနိုင်ငံစက်မှုဝန်ကြီးတို့နှင့်အတူ မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအကြား အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် “အင်နိုပရွန်-၂၀၂၄” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ညနေပိုင်းတွင် အဆိုပါပြပွဲအဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်သွန်အလီဟာနော့ဗ် (Mr. Anton Alikhanov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား အပြီးသတ်တည်ဆောက်လည်ပတ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းလိုကြောင်း၊ စားသုံးဆီ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း နှစ်ဖက်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးနယ်ပယ်၊ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်၊ တစ်ဦးချင်းအရည်အသွေးမြင့်သင်တန်းများ၊ စက်မှုနှင့်ကုန်ထုတ်လုပ်ရေးနယ်ပယ်နှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်၊ အထည်ချုပ်လုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ဆေးဝါးများ ပူးပေါင်းထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၁ ရက်တွင် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲကျင်းပသည့် ယီကာကျီရင်ဘတ်မြို့မှ ပြန်လည်ထွက်ခွာကြပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မော်စကိုမြို့သို့ ရောက်ရှိကြကာ လေဆိပ်ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် JSC "VO Tyazhpro-mexport" (TPE)တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းအမြန်ဆုံးပြီးမြောက်အောင်မြင်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုလေဆိပ်မှ ဆက်လက်ထွက်ခွာကြပြီး ရန်ကုန်မြို့သို့ ဇူလိုင် ၁၂ ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိရာ စက်မှုဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယကုန်သွယ်ရေးကိုယ်စားလှယ်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါခဲ့သည့် အဖွဲ့ဝင်နှစ်ဦးလည်း ပြန်လည်လိုက်ပါလာကြောင်း သတင်းရရှိသည်။

သတင်းစဉ်