သထုံ ဇူလိုင် ၁၂
စာပေမြင့်မှ လူမျိုးတင့်မည်ဟူသည့်အတိုင်း ကျောင်းသားလူငယ်များစာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
ဒေါ်လှလှဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သထုံခရိုင်ရုံး
ဒီနေ့ ကျင်းပတဲ့အခမ်းအနားကတော့ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲတွေ အားလုံးကို ဆုပေးတဲ့အခမ်းအနားဘဲဖြစ်ပါတယ်။ ကျွန်မတို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၁၀ ရက်နေ့ကစပြီး ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဒီမှာတော့ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်နဲ့ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကတော့ ပုံပြင်ပြောကဗျာရွတ်ပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပနေစဉ်မှာလည်း အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ခါးလှည့်ကွင်း၊ ခွက်နင်း၊ ခုံဖိနပ်စီးစတဲ့ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ ဂိမ်းကစားနည်းတွေကိုလည်း ထည့်သွင်းကျင်းပပေးပါတယ်။ ဗဟုသုတရရှိစေနိုင်ဖို့အတွက်လည်း စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲတွေ၊ လူငယ်စကားဝိုင်းနဲ့ စာပေဟောပြောပွဲတွေကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ သထုံမြို့နယ်အတွင်းမှာရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် သူတို့ရဲ့အရည်အသွေးနဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်စေပြီးတော့ အနာဂတ်နိုင်ငံတော်အတွက် သားကောင်းသမီးကောင်းလေးဖြစ်ပေါ်လာဖို့ စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိဖို့ ရည်ရွယ်ကျင်းပတာလည်း ဖြစ်ပါတယ်။
ရွှေထုံခင်သီတာလှိုင်၊ ဥက္ကဋ္ဌ၊ သထုံမြို့နယ်စာရေးဆရာများအသင်း
ဒီနေ့ပြုလုပ်တဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မှာ ပါဝင်တက်ရောက်ရတဲ့အတွက် အထူးဘဲဝမ်းသာပါတယ်။ လူငယ်တွေကို စာပေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားလာအောင် ရင်းနှီးမှုရှိလာအောင် ပေါင်းကူးပေးတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အနာဂတ်အတွက် အင်မတန်အရေးကြီးတဲ့ ကဏ္ဍမှာရှိနေတဲ့ မျှော်လင့်ချက်လေးတွေဖြစ်တဲ့ လူငယ်လေးတွေကို တိုးတက်တဲ့ နိုင်ငံဖြစ်နိုင်ဖို့အတွက် စာဖတ်ချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ အခုလိုပွဲတော်လေး ကျင်းပပေးတာကို ကျွန်မကတော့ အားပေးပါတယ် အင်မတန်မှလည်း ဝမ်းသာပါတယ်။ အခုလိုပွဲတော်မှာ လူငယ်တွေဟာ ပျော်ရွှင်စွာနဲ့ စာဖတ်ဝိုင်းတွေ ပြိုင်ပွဲတွေ နောက်ပြီး ကျပန်းစကားပြော၊ စာစီစာကုံး၊ ပုံပြင်၊ ကဗျာပြိုင်ပွဲတွေလုပ်ပေးတဲ့အတွက် သူတို့က ရှာဖွေဖတ်မှတ်စုဆောင်းလာရတယ်။ အခုလို ကျောင်းစာတွေအပြင်ကို ပြင်ပဗဟုသုတ စာပေတွေပါ လေ့လာခွင့်ရအောင် ဖော်ထုတ်ပေးတဲ့ စာကြည့်တိုက်သွားချင်တဲ့ စိတ်တွေဖြစ်လာအောင် မွေးမြူပေးတဲ့ ဒီလိုပွဲတော်တွေကို မကြာမကြာကျင်းပနိုင်အောင်လည်း ကျွန်မက မျှော်လင့်ပါတယ်ရှင်-
ဒေါ်ချိုချိုတင်၊ အတွင်းရေးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ သထုံခရိုင်
ဒီနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဟာ အလွန်ကောင်းမွန်တဲ့ ပွဲတော်ဖြစ်ပါတယ်။ လူငယ်တွေဟာ နိုင်ငံတော်ရဲ့ စွမ်းအားများဖြစ်ပါတယ်။ ကျောင်းစာအပြင်ကို ပြင်ပဗဟုသုတတွေဖြစ်တဲ့ သုတ/ရသအစုံကို ဖတ်ကြဖို့လိုပါတယ်။ စာဖတ်ရှိန်မြင့်ဖို့အတွက်ဆိုရင် စာကြည့်တိုက်တွေ ရှိဖို့လိုပါတယ်။ စာကြည့်တိုက်တွေ များများဖွံ့ဖြိုးတိုးတက်လာရင် လူငယ်တွေက အသိပညာ၊ လက်ရုံးရည်၊ နှလုံးရည်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာကြည့်တိုက်တွေကို ဒီထက်မက ပိုပြီးဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်ရှင်။
ဒေါ်သီတာကြည်၊ ကျောင်းအုပ်ဆရာမကြီး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သထုံမြို့
အခု စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်မတို့ရဲ့ကျောင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လာရောက်ပြီးတော့ ကျင်းပပေးတဲ့အတွက် ပထမဆုံးကျွန်မအနေနဲ့ အများကြီးဝမ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုပွဲတော်ကို ကျွန်မတို့ကျောင်းမှာလာလုပ်တဲ့အတွက် ကလေးတွေဟာ အသိပညာဗဟုသုတတွေကြွယ်ဝလာမယ်။ စာပေမြင့်မှ လူမျိုးတင့်မည် ဆိုတဲ့အတိုင်း စာကြည့်တိုက်ကိုသွားတဲ့ အလေ့အထမှသည် အလေ့အကျင့်ဖြစ်ပြီးတော့ သူတို့တွေသည် စာများများဖတ်ပြီး အကြောင်းအကျိုးအကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတော်တွေကို များများလုပ်ပေးနိုင်ရင် ပိုပြီးတော့ကောင်းတယ် ကလေးတွေအတွက်လည်း သူတို့ရဲ့သိချင်မြင်ချင်တဲ့အကြောင်းအရာတွေ လေ့လာစူးစမ်းချင်တဲ့အကြောင်းအရာတွေ စာကြည့်တိုက်မှာ အများကြီးရှိတဲ့အတွက်ကြောင့် အားတဲ့အချိန်လေးမှာ ဝါသနာပါရာ တိုးတက်ရာတိုးတက်ကြောင်း စာပေတွေကို များများလေ့လာဖတ်ရှုကြဖို့ အများကြီးလိုအပ်ပါတယ်။ အခုလိုလုပ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ မြို့နယ်တိုင်းမှာ စာကြည့်တိုက်တွေ များများဖွင့်လှစ်ပြီးတော့ ပြည်သူတွေအားလုံး စာများများဖတ်ကြမယ်ဆိုရင် စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာမှာမလွဲဘူးလို့ ပြောချင်ပါတယ်။
မောင်အောင်ပြည့်ဖြိုး၊ Grade(12)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သထုံမြို့
ကျွန်တော်တို့ကျောင်းမှာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပတယ်။ ပွဲတော် နှစ်ရက် ကျင်းပတယ်။ နှစ်ရက်လုံး ပျော်ရပါတယ်။ ဒီအစဥ်မှာ ကျွန်တော်က လူငယ်စကားဝိုင်းရဲ့ ဦးဆောင်ဆွေးနွေးသူ အနေနဲ့ပါဝင်ခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်း လေးယောက်နဲ့အတူပေါ့။ ဒီပွဲတော် ကျွန်တော်တို့ကျောင်းမှာ ကျင်းပတော့ ပျော်တယ်။ ဒီလိုပွဲတော်တွေက ရှားတယ်လေ အမြဲတမ်းလာနေတာမဟုတ်ဘူး။ ပညာဗဟုသုတတွေလည်းပေးတယ်လေ ကျွန်တော်သိတဲ့ ဗဟုသုတလေးကို မျှဝေပေးရတယ်။ ဒီပွဲမှာ စာရေးဆရာမတစ်ယောက်ကလည်း သူ့ရဲ့ အသိပညာဗဟုသုတတွေကို ဟောပြောပေးတယ်။ သူပြောသွားတာတွေက အရမ်းကောင်းတယ်။ ကျွန်တော်တို့အတွက် မှတ်စရာတွေ အများကြီးပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲ ပထမရတဲ့သူ ပြောတာကို နားထောင်လိုက်ရတယ်။ သူပြောတာအရမ်းကောင်းတယ်။ ဒီပွဲတော် နောက်တစ်ကြိမ်လောက် ထပ်လာမယ်ဆိုရင်အရမ်းကောင်းမယ်လို့ တွေးမိပါတယ်။
မမေဦး၊ Grade(11)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သထုံမြို့
သမီးကတော့ ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့ပါတယ်။ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြုလုပ်ပေးတဲ့အတွက် သမီးအနေနဲ့ အလွန်ပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ အခုလိုပွဲမျိုးပြုလုပ်ပေးခြင်းဟာ သမီးတို့ကျောင်းသား ကျောင်းသူလူငယ်တွေအတွက် အထူးသင့်လျော်တဲ့ပွဲလို့ ထင်မြင်ယူဆမိပါတယ်။ ဒီလိုပွဲတွေ များများလုပ်ပေးမှလည်း သမီးတို့ ကျောင်းသား ကျောင်းသူတွေဟာ စာတွေကို များများဖတ်ရှုဖြစ်ပြီး ပြောရဲဆိုရဲလည်း ဖြစ်လာမှာဖြစ်ပါတယ်။ စာဖတ်ခြင်းဖြင့် လူတော်လူကောင်းတွေဖြစ်လာအောင် ကိုယ့်ကိုကိုယ် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။ အခုလိုပွဲတော် လုပ်ပေးတာအရမ်းကောင်းပါတယ် စာပေတွေကိုဖတ်ရှုဖို့ အခွင့်အလမ်းတွေ အများကြီးပေးစွမ်းတယ်။ ပြီးတော့ သမီးတို့ရဲ့အရည်အချင်းတွေကိုလည်း ထုတ်ဖော်ပြသခွင့်ရတယ်။ ဒီလိုမျိုးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အတွက်ကြောင့်လည်း သမီးအနေနဲ့ မသိသေးတဲ့ ဗဟုသုတတွေ တခြားအကြောင်းအရာတွေကိုလည်း သိရှိရသလို လူငယ်နဲ့စာပေဟာ ဘယ်လောက်အထိ ဆက်နွယ်နေလဲဆိုတာကိုလည်း သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဦးအောင်သက်ဦး၊ ခရိုင်(ပြန်/ဆက်)