နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စတုတ္ထအကြိမ်) ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် တည်းခိုရေးစခန်း (ရွာတော်) ၌ ကျင်းပသည်။
ပြန်လည်မျှဝေလက်ဆင့်ကမ်း
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်က မဲစာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် မဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် စတုတ္ထအကြိမ်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆွေးနွေးပွဲများမှရရှိသည့် နည်းလမ်းများ၊ အကြံ ဉာဏ်များဖြင့် မဲဆန္ဒရှင်စာရင်းပြုစုရာ၌ အင်တိုက်အားတိုက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲက ရရှိသော အတွေ့အကြုံများကို အခြားဝန်ထမ်းများအား ပြန်လည်မျှဝေလက်ဆင့်ကမ်းပေးရန်ဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်တိကျရေး ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသာမက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် အလေးအနက်ထား ဂရုတစိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်နှင့် ဘက်လိုက်မှုမရှိဘဲ အများက ယုံကြည်လက်ခံသည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်