Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

(၁၀-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၉-၇-၂၀၂၄)ရက်နေ့၊ ည(၆:၀၀)နာရီမှ (၁၀-၇-၂၀၂၄)ရက်နေ့၊ ည(၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ (၁၀-၇-၂၀၂၄)ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့်လူနာ ၈၇ ဦးအားဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၀-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း ၂၁၇ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန