နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Sergey Mochalnikov တို့နှင့်အတူ နှစ်ဖက်ပူးတွဲလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်စနစ် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ LNG ဝယ်ယူတင်သွင်း ခြင်းဆိုင်ရာကိစ္စရပ်များ၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်လည်ပတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေနံထွက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလာရောက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်ခန့်တွင် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်