Skip to main content

ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။

၂။ ယခုနောက်ပိုင်းတွင် ရေဘေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ(၁၄၄)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၇၉)လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိမှုများပြားလှသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီ အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)    မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပါ၊

( ခ )   မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ၊

( ဂ )   ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ၊

(ဃ)    မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှု အမြင့် ပေများကို သိရှိမှတ်သားထားပါ၊

( င )   သောက်သုံးရေများ ကြိုတင်စုဆောင်း ထားပါ၊

( စ )   မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သောနေရာများကို မြင်သာ သော အမှတ်အသားထားရှိပါ၊

(ဆ)    အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားပါ။

၄။      ရေကြီးခြင်း သတိပေးချက်ရလျှင် ပြည်သူများ အနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်-

(က)    သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်ကို လိုက်နာပါ။ အခြား သူများကိုလည်း မျှဝေပါ၊

( ခ )   တောင်ပေါ်ဒေသများ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်း တစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြု ကြပါ၊

( ဂ )   အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ၊

(ဃ)    မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊       ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ၊

( င )   သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခိုလှုံပါ။

၅။ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ သတိပြုလိုက်နာရန် အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား အသိပေးနှိုးဆော်အပ်ပါသည်-

(က)    သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ၊

( ခ )   အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်း ခလုတ်များကို ပိတ်ထားပါ၊

( ဂ )   သောက်သုံးရေသန့်(သို့) ကျိုချက်ထားသော ရေ(သို့) ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ၊

(ဃ)    အဆိပ်ရှိသော တိရစ္ဆာန်များ၊ အိမ်၊ ခြံအတွင်း၌ ရှိ မရှိ စစ်ဆေးပါ၊

( င )   တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့်၊

( စ )   ရေကြီးသော ဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ် သောကြောင့် မြစ်၊ ချောင်းကမ်းပါးများ အနီးသို့ မသွားပါနှင့်၊

(ဆ)    ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်၊

( ဇ )   ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။

၆။ ရေကြီးခြင်းဖြစ်ပွားပြီးနောက် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါအချက်များအား သတိပြု လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)    မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါကသက်ဆိုင်ရာသို့ အကြောင်းကြားပါ၊

( ခ )   အမှိုက်များအား စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း(သို့) မြေမြှုပ်ခြင်းများ ပြုလုပ်ပါ၊

( ဂ )   အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းပါ၊

(ဃ)    ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့်           ကူးစက်ရောဂါများကို ဂရုပြုပါ၊

( င )   ကယ်ဆယ်ရေးနှင့် အရေးပေါ်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ။

( စ )   သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာခြင်း မဟုတ်သည့် ကောလာဟလ သတင်းများကို မယုံပါနှင့်၊

(ဆ)    မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်၊

( ဇ )   ရေစိုပြီး အနံ့အသက်မကောင်းသော အစားအစာများ မစားပါနှင့်၊

(ဈ)     ရေထဲတွင် ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနှင့်။

၇။ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန