ရန်ကုန် ဇူလိုင် ၁၀
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ရာ ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း ၁၂၀ အား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ယခုလိုကြိုဆိုလက်ခံမှု အခြေနေတွေကို နီးစပ်ရာသက်ဆိုင်သူများကိုပါပြောပြပြီး ထပ်မံစည်းရုံးပေးကြရန်လိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများအနေဖြင့် ပြန်လည်ဝင်ရောက်လာကာ နောက်ပိုင်း ကာလမှာ ကောင်းမွန်စွာနေထိုင်ပြီး နိုင်ငံအကျိုးပြုသူများဖြစ်လာစေရန် ကြိုးစားနေထိုင်ကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ၁၇ ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။
ထို့နောက် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များ၏ မိသားစုဝင်များ(ကိုယ်စား) အဒေါ်တော်စပ်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လန်းဆန်းစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)