နေပြည်တော် ဇူလိုင် ၁၀
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးတို့နှင့်အတူ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ-ပန်းတနော်မြို့သို့ရောက်ရှိပြီး ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ဆေးရုံအဆောက်အဦများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ခုတင်-၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ - ကျောင်းကုန်းမြို့သို့ ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ကာကွယ်ဆေးသိုလှောင်ခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ-အိမ်မဲမြို့နှစ်ထပ်ကုသဆောင်သစ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တက်ရောက်၍ အဆောက်အဦသစ်များကို ဖွင့်လှစ်ပေးပြီး ပြည်သူ့ဆေးရုံ-ဓနုဖြူမြို့သို့သွားရောက်၍ ဆေးကုသဆောင်များ၊ ခွဲစိတ်ခန်းများ၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဇူလိုင် ၈ ရက်က ဓနုဖြူမြို့နယ် ကျောင်းစုတိုက်နယ်ဆေးရုံ၊ ကျောင်းစု ကျေးလက်ကျန်းမာရေးဌာန၊ ငါးဘတ်အိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဇလွန်ပြည်သူ့ဆေးရုံ၊ ပြည်သူ့ဆေးရုံကြီး-ဟင်္သာတမြို့၊ ဟင်္သာတမြို့နယ်ရှားခဲတိုက်နယ်ဆေးရုံ၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံ၊ ဒူးယားတိုက်နယ်ဆေးရုံနှင့် ပျဉ်းမကုန်းကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး၊ လူနာဘေးကင်းလုံခြုံမှု အလေးထားဆောင်ရွက်ရေး၊ ဌာနအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ စနစ်တကျစီမံခန့်ခွဲအသုံးပြုရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်