နေပြည်တော် ဇူလိုင် ၁၀
အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင်ပါဝင်သော အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိသည်။
အကြိမ်(၆၀)မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၄၅)ကြိမ်မြောက် အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၃၂)ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဇူလိုင် ၁၀ ရက်မှ ၁၁ ရက်အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးများသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ခရီးသည်ဝင်ရောက်မှု
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေးနှင့် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများ၏ ပံ့ပိုးကူညီမှု၊ အပြန်အလှန်ပူးပေါင်းဖလှယ်မှုနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများတွင် ဆောင်ရွက်ခဲ့မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအချက်အလက်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးနိုင်ငံများ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၀ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းတိုးတက်ရောက်ရှိခဲ့ပါကြောင်း၊ အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းမြှင့်တင်
အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ နှင့် ဆက်စပ်ပူးပေါင်း ဆောင်ရွက်မှုမူဘောင်များအရ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းနှင့် ပူးပေါင်းဈေးကွက် မြှင့်တင်ခြင်းများကို တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ၂၀၂၅ အလွန် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာရေးဆွဲရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်ရေးဆွဲဆောင်ရွက်နေခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အာဆီယံခရီးသွား လုပ်ငန်းတိုးတက်မှုများကို မြှင့်တင်ရာတွင် ကူညီထည့်ဝင် ပံ့ပိုးပေးခဲ့သည့် အတွေ့အကြုံကောင်းများနှင့် ကျွမ်းကျင်မှုများအတွက် ပါဝင်သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခု အစည်းအဝေးများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ခရီးသွားလုပ်ငန်းများအဖြစ် ပုံဖော်ပေးနိုင်မည့် အသွင်ကူးပြောင်းရေးဆိုင်ရာ ရလဒ်များထွက်ပေါ်လာမယ်လို့ ယုံကြည်ပါကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။
တက်ရောက်
ထို့နောက်အစည်းအဝေးများကို ဆက်လက်ကျင်းပရာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်က အကြိမ်(၆၀)မြောက် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ အစည်းအဝေးဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် တွင် (၄၅) ကြိမ်မြောက် အာဆီယံ+ ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးကို မလေးရှားနိုင်ငံ နှင့် ကိုရီးယားနိုင်ငံတို့မှ ပူးတွဲအစည်းအဝေးဥက္ကဋ္ဌများအဖြစ် လည်းကောင်း၊ (၃၂)ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးကို မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ပူးတွဲအစည်းအဝေးဥက္ကဋ္ဌများအဖြစ် လည်းကောင်း ဆောင်ရွက်၍ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးများသို့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံ - တရုတ် စင်တာ၊ အာဆီယံ-ဂျပန်စင်တာနှင့် အာဆီယံ-ကိုရီးယားစင်တာတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်