Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်အချိန်နဲ့အမျှ ဘဏ်တွေရဲ့ ငွေသွင်း/ ငွေထုတ်အပ်နှံငွေ အခြေအနေတွေကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ ကောလာဟလအပေါ် နားမယောင်ကြဖို့ ပြောကြားလိုပါတယ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်

လက်ရှိအခြေအနေတွင် ပုဂ္ဂလိကဘဏ်များ၌ ငွေထုတ်ယူမှုများပြားလာပြီး ငွေသားထုတ်ယူမှုကိုလည်း ကန့်သတ်နေကာ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေကြောင်း စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ဖြစ်ပေါ်လျက်ရှိရာ ယင်းသတင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။   ။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူမှု များပြားလာတယ်၊ ငွေသားထုတ်ယူမှုကိုလည်း ကန့်သတ်နေတယ်၊ ပုဂ္ဂလိကဘဏ်တွေက အကန့်အသတ်နဲ့သာ ငွေထုတ်ပေးနေတယ် စသဖြင့်ရေးသားဖော်ပြ ပြောဆိုနေတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ ရှင်းလင်းပြောကြားပေးစေလိုပါတယ်။

ဖြေ။  ။ ဗဟိုဘဏ်အနေနဲ့ အစိုးရရဲ့ဒစ်ဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုအလေးပေးအကောင်အထည်ဖော်နေပြီး ငွေသားစီမံခန့်ခွဲမှု အစီအစဉ်တွေအတိုင်း Digital Platform တွေ တည်ဆောက်ထားပါတယ်။ ဘဏ်တွေက Payment Platform တွေ တည်ဆောက်နေပြီး လက်ရှိမှာလည်း အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာငွေပေးချေမှုမှာလည်း ဘဏ်တွေကတစ်ဆင့် ဆောင်ရွက်နိုင်ရေးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်ကတည်းက အကြိမ်ကြိမ်ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဥပမာ- Special Account ဖြစ်ရင် ငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်။ ဒါ့အပြင် ငွေပေးချေမှုတွေ လျင်မြန်စွာ အဆင်ပြေနိုင်စေဖို့အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းတွေဖြစ်တဲ့ Electronic Card တွေ၊ ဘဏ်တွေရဲ့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Pay တွေ၊ Internet ဘဏ်လုပ်ငန်းတွေ၊ Mobile Wallet တွေအသုံးပြုပြီး ငွေလွှဲပြောင်းပေးချေမှုတွေ ဆောင်ရွက်နိုင်ပါတယ်၊ လက်ရှိမှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ငွေပေးချေမှုတွေနဲ့ ငွေကြေးလွှဲပြောင်းခြင်းတွေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး စိုးရိမ်ပူပန်မှုမရှိကြဖို့ ပြောကြားလိုပါတယ်။

မေး။ ။ လက်ရှိအခြေအနေမှာ ပြည်ဖျက်မီဒီယာတွေရဲ့ အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်ရေးသားမှုတွေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုဖြစ်ပြီး ဘဏ်တွေက ငွေသားထုတ်ယူနေကြတာ တွေ့ရှိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ စီစဉ်ထားရှိမှုကိုသိလိုပါတယ်၊ ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ လက်ရှိအခြေအနေမှာ ပြည်ဖျက်မီဒီယာတွေရဲ့ အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်ရေးသားမှုတွေကြောင့် ပြည်သူတွေစိုးရိမ်ပူပန်မှုဖြစ်ပြီး ဘဏ်တွေက ငွေသားထုတ်ယူနေကြတယ်။ မသမာတဲ့ စီးပွားရေးသမားတွေက ဒေါ်လာဈေး၊ ရွှေဈေး၊ ဟွန်ဒီဈေးကစားမှုတွေကြောင့် ပိုမိုစိုးရိမ်မှုဖြစ်လာပြီး ငွေသားထုတ်ယူခြင်း၊ ငွေကြေးမတည်မငြိမ် ဖြစ်ခြင်းကတစ်ဆင့် ကုန်ဈေးနှုန်း မတည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီး ကိုယ်ကျိုးစီးပွားရှာနေကြတာကို တွေ့ရှိနေရပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာ ငွေသားကိုင်တွယ်မှုကိုလျှော့ချပြီး လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများနဲ့သာ ပေးချေဆောင်ရွက်လျက်ရှိကြပါတယ်။ ငွေသားကိုင်တွယ်ခြင်းကြောင့် ငွေကိုရေတွက်စစ်ဆေးရပြီး ထိန်းသိမ်းရခြင်းအပြင် ရေ၊ မီး အန္တရာယ်၊ ခိုးသူ၊ လုယက်သူအန္တရာယ်တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ငွေသားထုတ်ယူမှုများပြီး မလိုလားအပ်တဲ့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်သွယ်မှုမတည်မငြိမ်ဖြစ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ ကုန်ဈေးနှုန်း ကစားသူတွေကြောင့် ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေကြရပါတယ်။ ဒါ့ကြောင့် အဆိုပါမသမာမှုဆောင်ရွက်သူတွေ၊ ဈေးကစားသူတွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက စိစစ်အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။

မေး။ ။ ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက်မထားရှိဘဲ ငွေသားထုတ်ပေးခြင်းတွေကို ဆောင်ရွက်ထားရှိတယ်လို့ ပါရှိပေမယ့် လက်တွေ့သွားရောက် ထုတ်ယူတဲ့အခါမှာ အချို့ပုဂ္ဂလိကဘဏ်တွေက ကန့်သတ်ချက်နဲ့ ထုတ်ပေးနေတဲ့အတွက် ဒီအပေါ်မှာ ပိုပြီးရှင်းလင်းအောင် ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ဒီမေးခွန်းနဲ့ပတ်သက်လို့ ရှေ့ပိုင်းမှာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိအပ်နှံထားတဲ့ အပ်နှံငွေအမျိုးအစားပေါ်မူတည်ပြီး ငွေထုတ်ယူရာမှာ ကွဲပြားမှုရှိနိုင်ပါတယ်။ Special Account ဆိုရင် မိမိငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း Saving Account ဆိုရင် တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူနိုင်ပါတယ်။ စာရင်းသေအပ်ငွေ Fix Deposit ဆိုရင် သက်တမ်းပြည့်တဲ့အချိန်မှသာ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Saving Account အပါအဝင်အပ်ငွေစာရင်းအဟောင်း တွေနဲ့ပတ်သက်ပြီး ဘဏ်ကနေ ငွေထုတ်ယူရာမှာ ၂၀၂၂ ခုနှစ် ဧပြီလက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး သတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေဖြစ်တဲ့ Mobile ဘဏ်လုပ်ငန်း၊ Internet ဘဏ်လုပ်ငန်း၊ Account Transfer တွေနဲ့ ဘဏ်ဝန်ဆောင်မှုများကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။

အထူးထပ်မံပြောကြားလိုတာကတော့ ပြည်သူတွေအနေနဲ့ Digital နည်းလမ်းတွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေ၊ သုံးစွဲမှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

မေး။ ။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေအပေါ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေကို ဖြည့်စွက် ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေရဲ့ လိုအပ်ချက်ငွေသားများကို လုံလောက်စွာ ဖြည့်ဆည်းထုတ်ပေးလျက်ရှိပါတယ်။ ဘဏ်တွေအနေနဲ့လည်း ငွေလာရောက်ထုတ်ယူသူတွေကို ဘဏ်မှာ သိုလှောင်နိုင်တဲ့ ငွေသားပမာဏအတွင်း သတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက်ထုတ်ပေးလျက်ရှိနေပါတယ်။ ယခင်အတွေ့အကြုံများအရ ကောလာဟလတွေကြောင့် ပြည်သူတွေက ဘဏ်တွေကငွေတွေ စုပုံထုတ်ယူခြင်းကို ဗဟိုဘဏ်က ကောင်းမွန်စွာ စီမံထိန်းကျောင်းနိုင်ခဲ့ပြီး၊ ဘဏ်ရဲ့ဝန်ဆောင်မှုတွေ အဆင်ပြေစွာလည်ပတ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်အချိန်နဲ့အမျှ ဘဏ်တွေရဲ့ ငွေသွင်း/ ငွေထုတ်အပ်နှံငွေ အခြေအနေတွေကိုစောင့်ကြည့် ထိန်းကျောင်းနေတာကြောင့် ပြည်သူများအနေနဲ့ ကောလာဟလအပေါ် နားယောင်နေဖို့၊ စိုးရိမ်ပူပန်နေဖို့ မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူအကျိုးကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။ ။