Skip to main content

အဖျက်လုပ်ရပ်များကို ဆန့်ကျင်တိုက်ဖျက်

မြန်မာနိုင်ငံတွင် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု လူမှုစီးပွားဘဝလုံခြုံရေးအတွက် အလေးထားလုပ်ဆောင်လျက်ရှိသည်။

ထိုသို့ ပြည်သူလူထုအကျိုးစီးပွားကို အလေးထားဆောင်ရွက်နေချိန်တွင် အဖျက်သမားသောင်းကျန်းသူများက ပြည်သူလူထု အကျိုးစီးပွားပျက်ပြားအောင် မြို့ရွာများအား တိုက်ခိုက်ဖျက်ဆီးနေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ပြီး MNDAA သည် TNLA ၊ AA အဖွဲ့တို့နှင့်ပူးပေါင်းပြီး အထူးဒေသ(၂) “ဝ” ဒေသမှတစ်ဆင့် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်တည်းပင် နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်မြို့တို့ကို TNLA အဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထို့ပြင်ကွမ်းလုံမြို့နှင့် လောက်ကိုင်မြို့တို့ကိုလည်း တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် TNLA အဖွဲ့သည် မန်တုံဒေသတစ်ဝိုက်ကို တိုက်ခဲ့ပြီး TNLA ပူးပေါင်းအဖွဲ့သည် နမ္မတူမြို့နှင့် ဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း MNDAA နှင့် ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နှင့် ဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် TNLA ပူးပေါင်းအဖွဲ့သည် နောင်ချို၊ ကျောက်မဲမြို့နှင့် ဒေသတစ်ဝိုက်တို့ကို တိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် MNDAA ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီးမြို့တွင်းသို့ ရှော့တိုက်ဒုံးများ၊ ဒရုန်းနှင့် ဒရော့ဗုံးများ နေ့စဉ်ပစ်ချ၍ တိုက်ခိုက်ခဲ့သည်။

လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့မှစ၍ အဝေးမှ နေ့စဉ်ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် မဆင်မခြင်ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လားရှိုးလေဆိပ်အနီး ထင်ရှားသည့်တရုတ်ဘုံကျောင်းကို ဒရုန်းနှင့်ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးများကိုးကွယ်ရာ ဘုရားကျောင်းပျက်စီးသွားသဖြင့် ဒေသခံတရုတ်လူမျိုးများအပါအဝင် တိုင်းရင်းသားပြည်သူများက MNDAA နှင့် အပေါင်းပါအဖွဲ့များ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ သောင်းကျန်းသူများသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များသာမက ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုပါ ရက်စက်ယုတ်မာစွာ ဖျက်ဆီးနေကြသည်။

MNDAA သည် စတင်တိုက်ခိုက်စဉ်က ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန်ဆိုသည့်ခေါင်းစဉ်ဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကိုးကန့်နယ်မြေ အထူးဒေသ(၁)ရရှိရေး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထို့နောက် အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG နှင့် တွေ့ဆုံဆွေးနွေး ရှင်းလင်းပြသမှုများ လုပ်ဆောင်လာသည့်အပြင် NUG အဖွဲ့၏ အသံကိုလိုက်၍ ပြောဆိုနေကြပြီး ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ကိုးကန့်ဒေသ၏ ပြင်ပနယ်မြေများကိုပါ ချဲ့ထွင်တိုက်ခိုက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

လက်နက်ကိုင်သောင်းကျန်းသူများသည် ကိုးကန့်နယ်မြေအတွင်းမှ ကလေးငယ်များပါမကျန် လူသစ်စုဆောင်းသည့်အပြင် ကိုးကန့်ဒေသ၌ အလုပ်လုပ်ကိုင်ကြသည့် ဗမာအပါအဝင် တိုင်းရင်းသားအလုပ်သမားများကို ဖမ်းဆီးပြီး MNDAA အဖွဲ့အတွင်းသို့ အတင်းအဓမ္မထည့်သွင်းကာ တိုက်ပွဲဝင်ခိုင်းသည်ဟု သိရသည်။ ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများကို အနိုင့်အထက်ပြုလုပ်ပြီး စာသင်ကျောင်းများကို ပိတ်ပစ်ကာ ပညာသင်ကြားမှုအခွင့်အလမ်းများ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် နယ်မြေချဲ့ထွင် အဓမ္မလုပ်ဆောင်မှုများကြောင့် ၎င်းဒေသအတွင်းရှိသည့် လက်နက်ကိုင်အဖွဲ့များအချင်းချင်း နယ်မြေလု အငြင်းပွားမှုများဖြစ်ပြီး တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သောင်းကျန်းသူအဖျက်သမားများသည် လက်နက်အားကိုးဖြင့် စစ်ဘုရင်ဝါဒကို ထူထောင်လိုသူများဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက်ဘဲ ဆက်ကြေးကောက်၊ သယံဇာတခိုးထုတ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ပြီး စစ်အင်အားကိုချဲ့ထွင်ကာ တိုင်းရင်းသားပြည်သူများကို နှိပ်စက်ညှဉ်းပန်းနေကြသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မြို့ခံလူထု၊ ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ လူမျိုးရေး၊ နယ်မြေဒေသရရှိရေး၊ ဒုစရိုက်မှုများနှိမ်နင်းရေးဟု အကြောင်းပြပြီး ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေရန် သောင်းကျန်းသူတို့၏ ဓလေ့စရိုက်အတိုင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသည်။ ပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်ပြီး ပြည်ထောင်စုစိတ်ဓာတ်ထားရှိရမည့်အစား ပြည်ထောင်စုကြီးပြိုကွဲအောင်၊ ပြည်ထောင်စုဖွားများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးအောင် ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမားများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။ ။