Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော Kiosk တစ်လုံး၊ ကြေးမောင်းတစ်လုံးနှင့် သံမောင်းတစ်လုံး ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၄၃ လက်မ Kiosk တစ်လုံး၊ ၁၈ လက်မ သံမောင်း တစ်လုံးနှင့် ၁ ဒသမ ၅ ပိဿာရှိ ကြေးမောင်းတစ်လုံးတို့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရှင်းလင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Kiosk တစ်လုံးနှင့် မောင်းနှစ်လုံး လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတကာအဆင့်မီ ဒစ်ဂျစ်တယ်ခေတ်မီနည်းစနစ်များဖြင့် ပြသနိုင်ခြင်းဖြင့် ပြည်သူလူထုနှင့် ကမ္ဘာ့လှည့်ခရီးသွားများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၄၃ လက်မ Kiosk တစ်လုံးအား လှူဒါန်းရခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းရာတွင် ရက်ကန်းပြိုင်ပွဲ၌ အသုံးပြုရန်အတွက် ၁၈ လက်မ သံမောင်းတစ်လုံးနှင့် ၁ ဒသမ ၅ ပိဿာရှိ ကြေးမောင်းတစ်လုံးတို့အား လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တန်ဖိုးငွေကျပ် ၆၄၇၃၉၀၀ ရှိသည့် Kiosk တစ်လုံး၊ သံမောင်းတစ်လုံးနှင့် ကြေးမောင်းတစ်လုံးတို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်