နေပြည်တော် ဇူလိုင် ၉
ပစ္စည်းခွန်ကောက်ခံခြင်းစနစ်အား ပိုမိုကောင်းမွန်သည့်စနစ် ဖြစ်ပေါ်လာစေရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပစ္စည်းခွန်(Property Tax)ကို နိုင်ငံအများစုတွင် ဒေသန္တရအစိုးရမှသော်လည်းကောင်း၊ မြို့နယ်အစိုးရ (စည်ပင်သာယာရေးကော်မတီ)မှ သော်လည်းကောင်း ကောက်ခံလေ့ရှိကြပါကြောင်း၊ အခွန်အခြေသတ်မှတ်ချက် (ဥပမာ - အဆောက်အဦ၊ မြေ)၊ အခွန်နှုန်းထား၊ ရာပြတ်တန်ဖိုးသတ်မှတ်ချက်နှင့် ကင်းလွတ်သက်သာခွင့်များသည် ပစ္စည်းခွန်ကောက်ခံရရှိမှု ပမာဏအနည်းအများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ပစ္စည်းခွန်ကောက်ခံရရှိမှု နည်းပါးစေသည့် အကြောင်းရင်းများမှာ ပစ္စည်းခွန်ကောက်ခံသည့်စနစ်ကို ပြည်သူများအကြား အလွယ်တကူ နားလည်သဘောပေါက်အောင် ထိထိရောက်ရောက် မကျင့်သုံးနိုင်ခြင်း၊ နှစ်စဉ်ငှားရမ်းခနှုန်းထားများသည် လက်ရှိငှားရမ်းခနှုန်းထက် များစွာလျော့နည်းနေခြင်းတို့ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြချက်များအရ သိရှိရကြောင်း။
ပစ္စည်းခွန်ကောက်ခံမှုစနစ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတစ်ဝန်း ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းစေခြင်း၊ မြို့ပြအုပ်ချုပ်ရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာအားကောင်းစေခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရများ၏ ကိုယ်ပိုင်ဘဏ္ဍာငွေရှာဖွေနိုင်မှု တိုးတက်ခိုင်မာလာစေခြင်း စသည့် အကျိုးကျေးဇူးများရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခွန်ကောက်ခံမှုပုံစံ နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း။
ပစ္စည်းခွန်ကောက်ခံမှုကို စနစ်တကျပီပြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အခွန်ဘဏ္ဍာရငွေ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရာ၌ ပြန်လည်အသုံးချလာနိုင်မည်ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ အခွန်ဝင်ငွေခွဲဝေပေးရန် တာဝန်လျော့နည်းလာမည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် ဒေသအတွက် အပြန်အလှန်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ ပစ္စည်းခွန်ကောက်ခံခြင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပိုမိုကောင်းမွန်သည့် ပစ္စည်းခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများက ပစ္စည်းခွန်ကောက်ခံမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ထိရောက်ကောင်းမွန်သည့် ပစ္စည်းခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်