Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ရန်ကုန် ဇူလိုင် ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေ အားကစားသမားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန်ရည်ရွယ်၍ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင် စေလျက်ရှိရာ ထိုက်သင့်သောအောင်မြင်မှုများရရှိခဲ့ကြောင်း၊ ပြိုင်ပွဲများမှ သုံးသပ်ရရှိသော အားနည်းချက်များကို ပြုပြင်လေ့ကျင့်ပြီး ရည်မှန်းချက်ဖြစ်သည့် လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး၊ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်သွားကြရန် မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ပြီး နည်းပြများ၊ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား ကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး တင်းနစ်လေ့ကျင့်ရေးရုံနှင့် ပြိုင်ပွဲကွင်းများ ပြင်ဆင်မွမ်းမံထားမှုကို ကြည့်ရှုစစ်ဆေးကာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ နည်းပြများနှင့်တွေ့ဆုံ၍ တင်းနစ်အားကစားနည်းသည် ယခင်က အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမား ရှားပါးမှုကြောင့် ကျဆင်းခဲ့ရာမှ ယခုအခါ အထိုက်အလျောက် အောင်မြင်မှုရနေပြီဖြစ်ကြောင်း၊ အောင်မြင်မှုအရှိန်အဟုန် ဆက်လက်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်း အားကစားပြိုင်ပွဲရုံ၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးသည်။

မြန်မာဘော်လီဘော လူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမား များ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်နှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်နှင့် ပဲခူးမြို့တို့တွင် ဘော်လီဘောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြိုင်ပွဲများ ဆက်လက် ကျင်းပပေးသွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိကာ ရေကူးကန်၊ ဘောလုံးကွင်း၊ အားကစားရုံ ဆောက်လုပ်နေမှုနှင့် ဖူဆယ်အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ အားကစားကွင်း အားကစားရုံများ ရေရှည်တည်တံ့ အသုံးပြုနိုင်အောင် ထိန်းသိမ်းကြရန်၊ ပြည်သူများ စိတ်ချမ်းမြေ့စွာ ကစားနိုင်ရေးအတွက် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ကြရန်၊ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို စိတ်ပါဝင်စားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ဖြစ်လာစေရေးအတွက် အားကစားသင်တန်းများ ဖွင့်လှစ်ပေးရန်၊ အားကစားကွင်းများတွင် အဆင်ပြေစွာ လာရောက်ကစားနိုင်စေရေးအတွက် အားကစားနည်းအလိုက် လိုအပ်သည့် အားကစားပစ္စည်းများထားရှိပေး၍ စည်းကမ်းတကျ ကစားနိုင်အောင် ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ဂရုပြုကြရန်မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်