နေပြည်တော် ဇူလိုင် ၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုချီးမြှင့်ခံ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် အနာဂတ်နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်း ဖြစ်သည့်အပြင် ရှေ့ဆက် ပညာသင်ကြားရာတွင်လည်း မလျှော့သောလုံ့လဝီရိယနှင့် ဆက်လက်ကြိုးစားအားထုတ်ကြရန်အတွက် ချီးမြှင့်ထောက်ပံ့သည့် အခမ်းအနားဖြစ်ကြောင်း၊ မိမိတို့၏ဘဝရည်မှန်းချက်၊ စိတ်ကူးစိတ်သန်းများ အမှန်တကယ်ဖြစ်လာစေရန် ပညာရေးဖြင့် အကောင်အထည်ဖော်နိုင်ကြောင်း၊ ပညာတတ်သောကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာ ချမှတ်နိုင်ပြီး ကောင်းမွန်သောအလုပ်နှင့် ကောင်းမွန်သော ဂုဏ်သတင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ဘာသာစကားကျွမ်းကျင်ရန်၊ နည်းပညာများကို နားလည်တတ်ကျွမ်းရန်နှင့် သင်ယူထိုက်သည်များကို သင်ယူတတ်မြောက်ရန်လိုကြောင်း၊ သို့မှသာ အရည်အချင်းရှိသည့် လူငယ်များ ဖြစ်လာမည်ဖြစ်ပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၃ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ငါးဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီးဒေါ်နုမြဇံတို့က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ လေးဦးတို့ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေသားသမီး စုစုပေါင်း ၁၉၅၅ ဦးကို ပညာသင်ထောက်ပံ့ငွေများပေးအပ်ရာ စုစုပေါင်း ပညာသင်ချီးမြှင့်ငွေ ကျပ် ၁၇,၁၈၃,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်