နေပြည်တော် ဇူလိုင် ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၅ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းမန်နေဂျာ ရုံး(၁) (ရန်ကုန်)သို့ရောက်ရှိရာ စီမံကိန်းမန်နေဂျာက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းဆောင်ရွက်နေမှုအခြေအနေ၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်နေမှုနှင့် ၂၃၀ ကေဗွီဓာတ်အားခွဲရုံများ၌ Switch Bay အသစ်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
မှာကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများအတွက် ပစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ မဟာဓာတ်အားလိုင်းများ ကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိရန်၊ ပစ္စည်းများ အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း/သုံးစွဲသွားရန်၊ နှစ်စဉ်စီမံကိန်း လုပ်ငန်းများအရ လိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့် စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာရောက်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိကြရန် လိုအပ်ပါကြောင်း၊ အသုံးမလိုပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန် သုံးစွဲခဲ့သည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ဂိုဒေါင်နှင့် ရုံးခန်းများတွင် မီးသတ်ဆေးဘူးများထားရှိရန်၊ နှစ်ချုပ်လက်ကျန်စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်းများအား အချိန်မီစာရင်းဖြောင့်ရှင်းလင်းရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ မြေပြင်ရှိ ပစ္စည်းများ ထားသိုမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်