Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံပြီး လက်ဆွဲအစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှု၊ ကောက်ရိုးမြေဩဇာနှင့် တီကောင်မွေးမြူရေးကန်မှ တီကျစ်စာမြေဩဇာထုတ်လုပ်မှု ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် ပျံချီကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာသို့ ရောက်ရှိပြီး ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံသည်။

ပြောကြား

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးနှင့် အခြာသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းမြင့်မားပြီး တောင်သူများ ဝင်ငွေမြင့်မား လာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အသိပညာပေးစင်တာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များက အသိပညာပေးဆွေးနွေးမှုများ မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရာက်လာကြသည့် တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်သူများနှင့်အတူ ပျံချီကျေးရွာကွင်းအမှတ် (၁၇၃၈) တောင်သူဦးညွန့်မောင်၏ လယ်မြေတွင် လက်ဆွဲအစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာအနီးရှိ ထိန်အင်းကန်အတွင်း ရေဝင်ရောက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်အနီး ကွင်းအမှတ်(၁၈၂၇) တောင်သူ ဦးတင်ငွေ၏ လယ်မြေ၌ စပါးရိတ်သိမ်းပြီး ကျန်ရှိသည့် ရိုးပြတ်များနှင့် ကောက်ရိုးများကို မီးမရှို့ဘဲနှစ်ပတ်အတွင်း ဆွေးမြည့်သွားပြီး သဘာဝမြေဩဇာအဖြစ် ပြုလုပ်ပုံကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး တောင်သူများပူးပေါင်းပါဝင်သည့် တီကောင်မွေးမြူ ရေးကန်အတွင်း တီကျစ်စာမြေဩဇာပြုလုပ်နေမှုကို ကြည့်ရှုသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပြီးလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးစိုက်ပျိုးရာတွင် အခြောက်မျိုးစေ့ချကိရိယာများ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများတွင် စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်