နေပြည်တော် ဇူလိုင် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့ Community Centre သို့ ရောက်ရှိပြီး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက်လုပ်ကိုင်နိုင်ကာ ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းများအပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် Grade-9 အောင်မြင်ပြီးသူများအနေဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါသင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ သင်တန်းသား သင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၆၅၅ အိမ်၊ လူဦးရေ ၈၈၈၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ဆုတောင်းပြည့်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ် အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတောချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ချောင်းကလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းဝင်းအတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုနှင့် ဆုတောင်းပြည့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်ရန် လျာထားသည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၆၅၉ အိမ်၊ လူဦးရေ ၃၄၇၈ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မရမ်း-ကျုံဖား ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ် မြေနုကျေးရွာရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလီမိတက်သို့ရောက်ရှိပြီး သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းဆင်းပြီး ကုမ္ပဏီလုပ်ငန်းခွင်ဝင်ရောက်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ သမဝါယမအသင်း ၃၄ သင်းရှိ အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်သည်။
တွေ့ဆုံပွဲတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီဥက္ကဋ္ဌက စပါးခွံအသုံးပြုပြီး Gas Fire နှင့် Gas Engine ဖြင့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်၍ ယခုအခါ စမ်းသပ်လည်ပတ်နေမှု၊ စပါးခွံအသုံးပြုပြီး Gas Fire နှင့် Gas Engine ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် စပါးခွံလိုအပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဖွဲနုများလိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်လည်ပတ်နိုင်ရေးနှင့် ငါးတန်ငါးသားပေါက်များ ပိုမိုထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သော စပါး၊ စပါးခွံများ၊ ဖွဲနုများရရှိရေး သမဝါယမအသင်သားတောင်သူများနှင့် ချိတ်ဆက်၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ စက်ရုံအတွင်း ငါးတန် ငါးသားပေါက်များ ထုတ်လုပ်နေမှု၊ ငါးအစာတောင့် ထုတ်လုပ်သည့်စက်ရုံ၊ ငါးအသားလွှာနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည့် စက်ရုံနှင့် ငါးအအေးခန်းသိုလှောင်ရုံ တည်ဆောက်နေမှု၊ စပါးခွံ အသုံးပြုပြီး Gas Fire နှင့် Gas Engine ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်နေမှုနှင့် စပါးခွံသိုလှောင်ရုံ တည်ဆောက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ကညင်ကောက်ကြီးကျေးရွာအုပ်စု အုတ်ဖိုကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်