Skip to main content

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ထီလာမောင်ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မန္တလေး ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ထီလာမောင်ဖလား အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၆ ရက် ညနေပိုင်းက မိတ္ထီလာခရိုင်အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မိတ္ထီလာတပ်နယ်မှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက ကန်တော်အသင်းနှင့် ရွှေလွန်းပျံအသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများ၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများက အိန္ဒိယနိုင်ငံ၏ ရိုးရာအားကစားနည်းဖြစ်သည့် India Club တင်းပုတ်ကစားနည်းဖြင့် သရုပ်ပြကစားပြသမှုများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မိတ္ထီလာတပ်နယ်မှူးနှင့် တာဝန်ရှိသူများက တင်းပုတ်ကစားနည်းဖြင့် သရုပ်ပြကစားပြသခဲ့သည့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်သည်။

အဆိုပါဗိုလ်လုပွဲ၌ ကန်တော်အသင်းနှင့် ရွှေလွန်းပျံအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား ခဲ့ကြသော်လည်း တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ရွှေလွန်းပျံအသင်းက ကန်တော်အသင်းကို ၅ ဂိုး - ၃ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထီလာမောင်ဖလားအမျိုးသား(အလွတ်တန်း) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ပထမဆုရရှိသည့် ရွှေလွန်းပျံအသင်းအား တံခွန်စိုက်ဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မိတ္ထီလာတပ်နယ်မှူးက ပထမဆုရရှိသည့် ရွှေလွန်းပျံအသင်းမှ အားကစားသမားတစ်ဦးချင်းစီအား ဆုတံဆိပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများအား ငွေသားဆုများနှင့် အားကစားသမားတစ်ဦးချင်းစီအား ဆုတံဆိပ်များကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်းအကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံး ဆုရရှိကြသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်