နေပြည်တော် ဇူလိုင် ၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့ရောက်ရှိပြီး ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘတ်စကက်ဘောအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားရွေးချယ်နိုင်ရေးကျင်းပနေသည့် ခရိုင်ပေါင်းစုံဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားပွဲတင်တင်းနစ်အားကစားခန်းမအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး အားကစားအောင်မြင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၄၃၈ ဒသမ ၈ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပရိသတ် ၄၀၇၀ ဆံ့ တိုင်းအားကစားကွင်း အာစီနှစ်ထပ်အထူးတန်းပွဲကြည့်စင် တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်းပြုပြင်ထိန်းသိမ်းရန်၊ (Synthetic) ပြေးလမ်းခင်းနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားရန်၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ ယခုဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၅၄ ဒသမ ၈၂၄ သန်း အကုန်ကျခံဆောင်ရွက်မည့် အလျားပေ ၉၀၀၊ အနံ ၁၈ ပေ၊ ဒု ခြောက်လက်မရှိ အားကစားဥယျာဉ်အဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စံချိန်စံညွှန်းမီဆောင်ရွက်ရန်၊ နိုင်ငံတော်၏ အရန်အင်အားဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ပါအတိုင်း ပညာပေးဟောပြောခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားဥယျာဉ်အတွင်း ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၂၄၈၈ ဒသမ ၇၅ သန်း အကုန်ကျခံတည်ဆောက်ပြီးစီးခဲ့သည့် ပရိသတ် ၂၁၀၀ ဆံ့ အားကစားရုံ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့အသုံးပြုနိုင်ရေးအတွက် စနစ်တကျထိန်းသိမ်းရန်၊ နိုင်ငံတော်မှ ငွေကြေးအကုန် ကျခံတည်ဆောက်ပေးပြီးဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်၊ မိုးရာသီကျရောက်ပြီဖြစ်သည့်အတွက် အားကစားဥယျာဉ်အတွင်း အရိပ်ရပင်၊ လေကာပင်များ စနစ်တကျစိုက်ပျိုးသွားရန် မှာကြား၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်