Skip to main content

စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော်မြတ်ကြီး နှစ်ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

နေပြည်တော် ဇူလိုင် ၇

ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှစ်ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာသံဃာတော်များက မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှစ်ဆူတို့အား ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဆင်းတုတော်မြတ်ကြီးများအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တနာဂိန္ဒထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။            

သတင်းစဉ်