ကျုံပျော် ဇူလိုင် ၇
ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။
ဦးတင်ဝင်း(ကျုံပျော်မြို့နယ် စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ)
လူသားတွေ အသက်ရှင်ရပ်တည်တဲ့အခါ ရုပ်ပိုင်းရောစိတ်ပိုင်းပါ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။ စာပေဖတ်ရှုမှ ဒီလိုအသိအမြင်တွေ ကြွယ်ဝမှာဖြစ်တဲ့အတွက် ဒီပွဲတော်ကိုရည်ရွယ်ချက် ကောင်းတဲ့ပွဲတော်၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းသာမက ဒေသနဲ့နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ပွဲတော်လို့ မြင်ပါတယ်။ လူငယ်တွေကို စာဖတ်ရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်တဲ့အပြင် နောက်ကမိဘတွေနဲ့ အလွှာစုံအသီးသီးကပါ ပါဝင်လာတာတွေ့ရတဲ့အတွက် စာဖတ်ဖို့တွန်းအားပေးတဲ့ကဏ္ဍ အောင်မြင်တယ်လို့ ဆိုချင်ပါတယ်။ စာအုပ်တွေကို စာကြည့်တိုက်သဖွယ် ခင်ကျင်းပြသထားလို့ စာပေဝါသနာပါသူတွေလည်း စာမြည်းခွင့်ရတယ်။ စာပေစုံလေ့လာခွင့်ရလို့ ကလေးတွေရော အားလုံးအတွက်ပါ အကျိုးရှိတယ်၊ စာပေနဲ့တိုက်ရိုက်ထိတွေ့ခွင့်ရစေတယ်လို့ ခံစားမိပါတယ်။ စီစဉ်ပေးတဲ့ အကြီးအကဲများရဲ့စေတနာကိုလည်း လေးစားမိပါတယ်။ မြို့ပြနဲ့ကျေးလက်များက စာကြည့်တိုက်တွေကိုလည်း ဆက်လက်တိုးပွားလာအောင်၊ ရှိပြီးစာကြည့်တိုက်တွေကိုလည်း ရေရှည်တည့်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးစားကြဖို့ အရှိန်တစ်ခုရစေတယ်လို့လည်း ရှုမြင်မိပါတယ်။
မကြယ်စင်မြင့်မြတ် (Grade-4 ကျုံပျော် မြို့မ အ.မ.က)
“သမီးအနေနဲ့ ဒီပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ မေမေကလည်း သမီးကို ပြပွဲ၊ ပြိုင်ပွဲလုပ်နေတာအားလုံးကို လိုက်ပို့ပေးပါတယ်။ အခုဗမာတိုင်းရင်းသူ ဝတ်စုံကိုဝတ်ထားပြီး၊ ဖျော်ဖြေပွဲမှာ ကျောင်းကသူငယ်ချင်းတွေနဲ့အတူ စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ် သီချင်းနဲ့ပါဝင်ကပြပေးမှာဖြစ်ပါတယ်။ စာအုပ်ပြခန်းကို စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ ပုံပြင်စာအုပ်တွေဝယ်ဖို့ရှိပြီး သူငယ်ချင်းတွေ ပြိုင်ပွဲဝင်တာကိုလည်း အားပေးဖို့ရှိပါတယ်။
မောင်ဇေလင်းဖြိုး (Grade-4 ဆောက်တန်း အ.မ.က)
သားအနေနဲ့ အရင်ကဒီလိုပွဲမျိုးကို မဆင်နွှဲဖူးပါဘူး၊ အခုလာရောက်ရတဲ့အတွက် သိပ်ပျော်ပါတယ်၊ သူငယ်ချင်းတွေနဲ့အတူ ကရင်ဒုံးယိမ်းအဖွဲ့မှာလည်း ပါဝင်ကပြပါတယ်။ ပြခန်းတွေ ပြိုင်ပွဲတွေကိုလည်း လိုက်ကြည့်ဖြစ်ပါတယ်။ သားဖတ်ချင်တဲ့ စာအုပ်တွေကိုတော့ ဖေဖေနဲ့မေမေက ဝယ်ပေးမယ်လို့ပြောပါတယ်။ ဒီလိုပွဲတော်မျိုး ခဏခဏလုပ်စေချင်ပါတယ်ခင်ဗျ။
နန့်ခြူးသန့်စင်( Grade - 4 အ.မ.က အင်းဂလာ)
“သမီးက နယ်ကျောင်းကလာပြီး ပွဲတော်ကိုပါဝင်ဆင်နွဲတာပါ။ ကဗျာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆယ့်နှစ်ရာသီပန်းပွင့်ကဗျာနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုရွေးချယ်တာလည်းခံရတယ်လို့ သိရပါတယ်။ ဒီလိုစည်ကားတဲ့ပွဲမျိုး မကြုံဘူးသေးတော့ အရမ်းပျော်ပါတယ်။ နောင်နှစ်တွေ ဒီလိုပွဲတော်မျိုးရှိရင် လာချင်ပါတယ်။ စကားပုံဆက်နဲ့ ပဟေဋိပြိုင်ပွဲကိုလည်း ဝင်ပြိုင်ဖို့ရှိပါတယ်။ သမီးကြိုက်တဲ့ စာအုပ်နှစ်အုပ်လည်း ဝယ်ထားပြီးပါပြီ။
အဆိုပါပွဲတော်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ ဖျော်ဖြေပွဲ၊ လူငယ်စကားဝိုင်း၊ ဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဋိနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုပါထည့်သွင်း၍ နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)