Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

နေပြည်တော် ဇူလိုင် ၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယကုန်သွယ်ရေး ကိုယ်စားလှယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ Tyazhpromexport Co., Ltd. (TPE) ညွှန်ကြားရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ သံမဏိထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခြင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများအား ကြည့်ရှုလေ့လာခြင်း၊ စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း၊ ခင်းကျင်းပြသထားသည့် ပြခန်းများ ကြည့်ရှုလေ့လာခြင်းနှင့် စက်မှုကုန်စည်ပြပွဲနှင့်ဆက်စပ်ကျင်းပသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်ကော်ပိုရေးရှင်း “Rostec” ၊ “KAMZ” JSC ၊ “GAZ” Group ၊ “AVTOVAZ” JSC ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်း “Roscosmos” ၊ Concern VKO “AlmazAntei” JSC ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်း “Rosatom” ၊ “Transmashholding” JSC ၊ “Kasperskiy Laboratory” JSC ၊ “Severstal” PJSC ၊ “Rosseti” PJSC များအပါအဝင် ကုမ္ပဏီ ၆၀၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။ ထို့ပြင် စီးပွားရေးအစီအစဉ်၌ “Digital Manufacturing” ၊ “Industrial Innovations” ၊ “Industrial Development” ၊ “Metroplitian Technologies” ၊ “Labour Efficiency” ၊ “Financing of Manufacturing” ၊ “New Mobility” ၊ “Chemical Industry” ၊ “ENG in Industry” ၊ “Educational Solutions in Industry” ၊ “Food Tech/Agri Tech” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်