Skip to main content

တိုင်းပြည်သာယာဝပြောရေး လက်တွဲကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းပြည်သာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံးအေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်စားသောက်ရေးတို့ ကျယ်ပြန့်စွာပါဝင်လျက်ရှိသည်။ အဓိကမှာ တရားဥပဒေစိုးမိုးမှု၊ လုံခြုံစိတ်ချမှုရှိမှသာ အရာအားလုံးကို ဖြောင့်ဖြောင့်တန်းတန်း ကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း လူတစ်ဦးချင်းအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအခါ နိုင်ငံအတွင်း၌ လုံခြုံမှုရှိသည့်ဒေသများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် တရားဥပဒေစိုးမိုးမှုလျော့ပါးလျက်ရှိသည့် မြို့နယ်များနှင့်ဒေသများလည်းရှိသည်။ လုံခြုံရေးနှင့်ပတ်သက်၍ လူတစ်ဦးချင်း အသိ၊ သတိရှိရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆင့်တို့တွင် လုံခြုံရေးဆိုင်ရာတို့ကို စနစ်တကျဆောင်ရွက်ပြီး တာဝန်ရှိသူအဆင့်ဆင့်တို့က ပြည်သူများနှင့်ပူးပေါင်းလက်တွဲပြီး စနစ်တကျ ကြိုတင်ပြင်ဆင်နေထိုင်သွားလာခြင်းတို့ကို ဆောင်ရွက်ကြလျှင် လုံခြုံစိတ်ချမှုရှိမည်ဖြစ်သည်။

လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေရာခိုင်နှုန်းနှင့် တန်းစဉ်ကူးပြောင်းမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုရှိရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပညာရေးတိုးတက်လာပါက ဒေသအလိုက်တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးလိုအပ်သည်။

မြို့ရွာများအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် စည်ပင်သာယာရေးဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်မှုများသာမက မြို့နယ်အလိုက်နေထိုင်ကြသည့် ဒေသခံများ တစ်ဦးချင်းစီအလိုက်၊ အိမ်တစ်အိမ်ချင်းစီအလိုက် ပါဝင်ဆောင်ရွက်ကြမည်ဆိုလျှင် ဒေသအလိုက်၊ မြို့နယ်အလိုက် သန့်ရှင်းသပ်ရပ် သာယာလှပနေမည်ဖြစ်သည်။ မြို့ပတ်ဝန်းကျင် သာယာလှပစိုပြည်ရေးကို ဆောင်ရွက်သွားရန်လိုသကဲ့သို့ ကျေးရွာများအလိုက် အရိပ်ရပင်၊ လေကာပင်၊ ထင်းစိုက်ခင်းများကို စနစ်တကျဖော်ဆောင်သွားရမည်ဖြစ်သည်။ “ခြံဝင်းရှိလျှင် သစ်ပင်ရှိရမည် ဆိုသည့်အတိုင်း အိမ်ဝင်းတိုင်း သစ်ပင်ပန်းမန်များရှိရန်လိုအပ်သည်။

စားရေရိက္ခာဖူလုံပေါများရေးအတွက် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်လျှင် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်သာမက ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။ လက်ရှိထုတ်ကုန်များကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်လျှင် နိုင်ငံ့စီးပွားတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ အဓိကမှာ ဆန်နှင့်ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေးအပြင် မီးဖိုချောင်သုံးသီးနှံကဲ့သို့ အခြားသီးနှံများကိုလည်း ဒေသအလိုက်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုသည်။ နိုင်ငံ့ GDP တိုးတက်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှု၊ ဝန်ဆောင်မှုကဏ္ဍများပါရှိရာ ကဏ္ဍကြီးသုံးရပ် တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးရန်၊ ကြပ်မတ်ပေးရန်တာဝန်ရှိပြီး ဒေသအလိုက်ဦးဆောင်သူများက ဆက်လက်အကောင်အထည်ဖော်ကြရသည်။ ရည်မှန်းချက်များအောင်မြင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်ထုတ်လုပ်သူပြည်သူများက တက်ကြွစွာဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သူများ၊ နိုင်ငံတော်အတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သူများရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားရမည်ဖြစ်သလို အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမှောင့်လုပ်ရပ်များကိုလည်း မှန်မှန်ကန်ကန် မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ မှတ်တမ်းများသည် သမိုင်းပင်ဖြစ်ပြီး နောင်ကာလအတွက် အထောက်အကူပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းမှတ်ရာအားနည်းမှုကြောင့် တုံ့ပြန်ဆောင်ရွက်မှုများတွင် အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ မှတ်တမ်းမှတ်ရာအားကောင်းလျှင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သောကြောင့် အောင်မြင်မှုများရရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်သာယာဝပြောရေးအတွက် ကဏ္ဍအလိုက်တိုးတက်ဖြစ်ထွန်းလာအောင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။   ။