ယခုနှစ်ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့်ဆက်စပ်နေသည့်အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီးလေးသောကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ နိုင်ငံတော်က အသိပေးတင်ပြခဲ့သည့် အထောက်အထားများကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက်အဖွဲ့များ၏ မမှန်ကန်သောအချက်များဖြင့် စွပ်စွဲပြောကြားခြင်းမှာ တရားမျှတမှုမရှိပေ။
၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂ၏ CTFMR က စုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူစုစုပေါင်း ကိုးဦးသာရှိကြောင်း အကြောင်းကြားခဲ့သော်လည်း ယခုနှစ်အစီရင်ခံစာတွင် အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေသည်ဟု ချဲ့ကားဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် အဆိုပါအစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် တုံ့ပြန်သည့်အချက်အလက်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့ခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံအတွင်း၌လည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီမှ CTFMR နှင့် ယခင်အတိုင်း ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် CTFMR နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူညီချက်အရ နည်းပညာပူးတွဲဥက္ကဋ္ဌအဖွဲ့နှင့် အဖွဲ့ငယ်အဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နှစ်ဖက်တိုက်ဆိုင် စာရင်းရှင်းလင်းစစ်ဆေးအတည်ပြုရန် ဆွေးနွေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် စတင်အကောင်အထည်ဖော်ခဲ့ရာတွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရေး ဆင့်ခေါ်ရေးအဖွဲ့အသီးသီးက စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့်သူဟု သံသယရှိသူ စစ်သည် ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ကို CTFMR သို့ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရန်နှင့် မှန်ကန်မှုမရှိပါက စာရင်းမှ ပယ်ဖျက်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အလေးထားလိုက်နာစုဆောင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်မတော်တွင် ကလေးစစ်သားအသုံးပြုမှုမရှိစေရေး စိစစ်ဖော်ထုတ်ရေးကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ယခင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အစီရင်ခံစာတွင် ကလေးစစ်သား စုဆောင်းခြင်းနှင့် ပတ်သက်၍ တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်သေးသည့် စစ်သည် ၁၀၅၇ ဦးကို နုတ်ထွက်ခွင့်ပြုကာ တပ်မတော်နှင့် CTFMR ပူးပေါင်းအဖွဲ့ဖြင့် မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြထားမှုသည် မမှန်ကန်သည့်အချက်အလက်များဖြင့် အခြေအမြစ်မရှိ ဖော်ပြထားချက်များဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မှန်ကန်သောအချက်အလက်များဖြင့် ပြန်လည်တုံ့ပြန်ပြီး မမှန်ကန်သောစွပ်စွဲမှုကို လက်မခံကန့်ကွက်ပါကြောင်း။ ။