နေပြည်တော် ဇူလိုင် ၅
ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်) များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးသင့်ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်သည်။
ဦးစွာ တာဝန်ရှိသူများတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၃၃၁ စု၊ လူဦးရေ ၁၅၈၂ ဦးအတွက် စေတနာရှင် အလှူရှင်များနှင့် မြို့မိမြိုဖများမှ ဝိုင်းဝန်းလှူဒါန်းငွေ ကျပ်သိန်း ၁၀၀ နှင့် ဆန်အိတ် ၁၅၄ အိတ်နှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆင်သေကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် သာစည်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျေးရွာများရှိ ရွှေ့ပြောင်းရန် လိုအပ်သော အိမ်ထောင်စုဝင်များအား မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း) တို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။