Skip to main content

အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၄

၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Orientation ခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အာဆီယံနှင့်ပတ်သက်ပြီး လူကိုယ်တိုင်ပါဝင်တက်ရောက်သည့် အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ရမည့် ဒုတိယအကြိမ် အစည်းအဝေးလည်းဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် အာဆီယံနိုင်ငံများရှိ စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များမှ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေကြသည့် ပညာရှင်များ၏ နည်းပညာများနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်းဝေမျှသွားမည် ဖြစ်သည့်အတွက် မတူကွဲပြားသည့် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာရပ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင်အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင် ထိန်းသိမ်းရေးပညာရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့အကြုံများ၊ နည်းပညာများ ဖလှယ်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများတွင် ပါဝင်သော အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေး စေလိုကြောင်း ပြောကြားသည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဝန်ကြီးဌာနများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။      

သတင်းစဉ်