Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့တွင် ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ နှစ် (၇၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် 2nd International Youth Nuclear Forum သို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရင်တွင်းစကားသံများ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်(၇၀)ပြည့်အထိမ်းအမှတ် အဖြစ် 2nd International Youth Nuclear Forum ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့တွင် နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) က ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သည် နည်းပညာဆန်းသစ်တီထွင်မှုနှင့် နျူကလီးယားပညာရေးနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ကျောင်းသားများ၊ သိပ္ပံပညာရှင်များနှင့် လူငယ်ပညာရှင်များ အတူတကွပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းလည်းဖြစ်သည်။ ဖိုရမ်သို့ နိုင်ငံပေါင်း(၇၅)နိုင်ငံမှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါဖိုရမ်သို့ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ၊ ရင်တွင်းစကားသံ များကို ယခုလို ကြားသိခဲ့ရပါသည် -

ဒေါက်တာသိင်္ဂီမောင်မောင်

ညွှန်ကြားရေးမှူးချုပ်

အဏုမြူစွမ်းအင်ဦးစီးဌာန

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

ရုရှားနိုင်ငံ Obninsk မြို့မှာ ကျင်းပတဲ့ 2nd International Youth Nuclear Forum ဖြစ်တဲ့ Obninsk Nuclear Education Week (NEW) 2024 ကို ROSATOM က ဖိတ်ကြားလို့ တက်ရောက်ခွင့်ရခဲ့ပါတယ်။ Obninsk မြို့က ရုရှားနိုင်ငံရဲ့ နျူကလီးယားသမိုင်းဝင်မြို့ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ၁၉၅၄ ခုနှစ် မှာ စတင်လည်ပတ်ခဲ့တဲ့အတွက် အခုနှစ် (၇၀) ပြည့်အခမ်းအနားကို ကျင်းပတာကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီဖိုရမ်မှာ နျူကလီးယားကို စတင်လေ့လာနေတဲ့ မျိုးဆက်သစ်တွေအတွက် နျူကလီးယား ဘာသာရပ်နယ်ပယ်က အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် အလွန်တန်ဖိုးရှိပါတယ်။ ဒီဖိုရမ်ကျင်းပစဉ်အတွင်း Nuclear Education ဆိုင်ရာ အခြား ဆက်စပ်အစည်းအဝေးတွေလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ နျူကလီးယားနည်းပညာ သင်ကြားဖွင့်လှစ်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ရုရှားနိုင်ငံက တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ နိုင်ငံတကာမှ ကျောင်းသားတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ နျူကလီးယားနဲ့ ဆက်စပ်ဘာသာရပ်တွေ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းများ၊ တွေ့ကြုံရတဲ့အခက်အခဲများကို ဆွေးနွေးဖလှယ်ကြတဲ့အတွက် ကျောင်းသားသစ်တွေအတွက်များစွာ အကျိုးရှိစေပါတယ်။ တက်ရောက်လာတဲ့ ကျောင်းသားတွေဟာ နျူကလီးယားစက်ရုံ၊ ပြခန်းတွေလည်း လေ့လာခွင့်ရခဲ့ကြပါတယ်။ အလားတူ ရုရှားနိုင်ငံရှိ တက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့ကြတဲ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲကိုလည်း တက်ရောက်ခွင့်ရခဲ့အတွက် ၎င်းတို့သင်ကြားခဲ့ရမှု အတွေ့အကြုံတွေ၊ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့အခြေအနေနဲ့ အမှတ်တရစကားတွေလည်း လေ့လာ သိရှိခဲ့ရပါတယ်။

ဒေါ်နန်းဇင်သီရိနောင် ကထိက

မန္တလေးနည်းပညာ တက္ကသိုလ်

ကျွန်မကတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့မှာ ကျင်းပတဲ့ နျူကလီးယားနည်းပညာဆိုင်ရာ နိုင်ငံတကာလူငယ်များဖိုရမ်ကို မန္တလေးနည်းပညာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)က ကျောင်းသား ကျောင်းသူတွေနဲ့အတူ လာရောက်တက်ရောက်တာဖြစ်ပါတယ်။ ဒီဖိုရမ်မှာဆိုရင် လူငယ်တွေနဲ့ နျူကလီးယား နည်းပညာတွေ ထိတွေ့ချိတ်ဆက်နိုင်ဖို့ အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ နည်းပညာပိုင်းဆိုင်ရာ အသိပညာဖြန့်ဝေမှုတွေ၊ သင်ကြားပြသမှုတွေကို နိုင်ငံတကာက လူငယ်တွေနဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။

ဒီပွဲမှာဆိုရင် နိုင်ငံတကာကနေရုရှားနိုင်ငံမှာ ဘွဲ့ကြိုသင်တန်းလာတက်ကြတဲ့ ကျောင်းသား ကျောင်းသူတော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ့်နိုင်ငံက ကျောင်းသားတွေလည်း နိုင်ငံတကာက ကျောင်းသားတွေနဲ့ အပြိုင်ပြောဆိုဆွေးနွေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ ကျောင်းသူတစ်ယောက်ဆိုရင် Group Leader အနေနဲ့ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူတို့လေးတွေ နိုင်ငံတကာနဲ့ ဝင်ဆံ့နိုင်အောင် ကြိုးစားကြတာကို တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ World First Nuclear Power Plant ရဲ့နှစ်(၇၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ပွဲမှာ နိုင်ငံတကာမှ အသိပညာရှင် အတတ်ပညာရှင်တွေရဲ့ ဆွေးနွေးမှုတွေကိုလည်း တက်ရောက်နားထောင် လေ့လာခဲ့ရပါတယ်။

ပထမဆုံးသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကိုလည်း သွားရောက် လေ့လာခဲ့ရပါတယ်။ Nuclear Power Plant ဟာဆိုရင် ၄၈ နှစ်ကြာ အောင်မြင်စွာ၊ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ အလုပ်လုပ်ခဲ့တဲ့ ဓာတ်ပေါင်းဖိုတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဓာတ်ပေါင်းဖိုရှိတဲ့နေရာကို Nuclear Energetics Museum အဖြစ် ဖွင့်လှစ်ထားပါတယ်။ အခုလို သွားရောက်လေ့လာခဲ့ရတဲ့အတွက် အသိပညာ၊ ဗဟုသုတတွေများစွာရရှိတဲ့အပြင် နိုင်ငံတကာက လေ့လာနေသူတွေနဲ့ သိရှိခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်ရှင့်။အတူ လာရောက်တက်ရောက်ကြတဲ့ကလေးတွေ အနေနဲ့လည်း စိတ်အားထက်သန်မှုတွေ၊ သူတို့ကိုယ်သူတို့ယုံကြည်မှုပိုပြီး ရှိလာစေတဲ့အတွက် နောင်အခုလိုပွဲတွေကို ကျောင်းသူ ကျောင်းသားတွေပိုပြီး တက်ရောက်ဖို့အတွက် အားပေးချင်ပါတယ်။

တက်ရောက်ခွင့် ရအောင်လည်း ကလေးတွေဘက်က လိုအပ်တဲ့ ဘာသာရပ်ဆိုင်ရာ လေ့လာမှုတွေ၊ ဘာသာစကား သုံးနှုန်းမှုတွေကို ကြိုးစားပြင်ဆင်ထား စေချင်ပါတယ်။ အခုလိုတက်ရောက်ခွင့် ရတဲ့အတွက် ထောက်ပံ့ပေးသော အစိုးရ အဖွဲ့နဲ့ ROSATOM အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

မောင်ထက်လျှံဘုန်းနိုင် ဒုတိယနှစ်

နျူကလီးယားအင်ဂျင်နီယာဌာန

မန္တလေးနည်းပညာ တက္ကသိုလ်

Obninsk NEW 2024 ကို ပါဝင်တက်ရောက်ဖို့အတွက် မန္တလေးနည်းပညာ တက္ကသိုလ်မှာ လျှောက်ထားဖြစ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Program ရဲ့ အဓိက အကြောင်းအရာကတော့ Obninsk မြို့မှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ World Nuclear Power Plant ရဲ့ နှစ် (၇၀) ပြည့်အခမ်းအနားနဲ့ နောင် မျိုးဆက်သစ်တွေအတွက် ဘယ်လို တိုးတက်မှုတွေ လုပ်ကြမယ်ဆိုတာကို ဆွေးနွေးကြတဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။

ဒီ Program ရဲ့ ပထမဆုံးရက်မှာ နိုင်ငံအသီးသီးမှ မျိုးဆက်သစ်လူငယ်တွေက နျူကလီးယားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို အချင်းချင်း မျှဝေဆွေးနွေးကြတဲ့ Workshop ကို လုပ်ခဲ့ရပါတယ်။ ဒုတိယရက်မှာဆိုရင် နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နျူကလီးယားပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက နျူကလီးယားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတဲ့ Plenary Session တွေကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ နောက်ဆုံးရက်မှာတော့ ရုရှားနိုင်ငံရဲ့နျူကလီးယား အဏုမြူစွမ်းအင်ကို လေ့လာတွေ့ရှိခဲ့တဲ့ Kurchatov ရဲ့ နေအိမ်ကို သွားရောက်လေ့လာခွင့်ခဲ့ရပါတယ်။ အခုလိုမျိုး Obninsk NEW 2024 မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် နျူကလီးယားနဲ့ ပတ်သက်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ ဗဟုသုတအသစ်တွေကို လေ့လာခွင့်ရရှိခဲ့သလို နိုင်ငံပေါင်းစုံက သူငယ်ချင်းအသစ်တွေနဲ့လည်း ခင်မင်ရင်းနှီးမှု ရရှိခဲ့ပါတယ်။

ဒီ Program ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသူတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ်မှာလည်း ဒီလို Program တွေအများကြီးကို ပါဝင်ခွင့်ရမယ်လို့လည်း မျှော်လင့်မိပါတယ်။ နောက်ထပ် ကျွန်တော့်လိုလူငယ်တွေကို အကြံပြုချင်တာကတော့ ဒီလိုအခွင့်အရေးမျိုးတွေ ရရှိလာခဲ့မယ်ဆိုရင် လက်မလွှတ်ဘဲ ပါဝင်လေ့လာကြဖို့ အကြံပြုချင်ပါတယ်။

မခြူးအိမ်စည် ပဉ္စမနှစ်

နျူကလီးယားအင်ဂျင်နီယာဌာန

မန္တလေးနည်းပညာ တက္ကသိုလ်

Obninsk NEW 2024 ကို တက်ရောက်ခွင့်ရဖို့အတွက် မန္တလေးနည်းပညာတက္ကသိုလ်ကနေတစ်ဆင့် လျှောက်ထားခဲ့ရာကနေ ပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Obninsk NEW 2024 Program မှာဆိုရင် ပထမဆုံးအနေနဲ့ Nuclear Generation နဲ့ဆိုင်တဲ့ Workshop မှာ ပါဝင်ဆွေးနွေး ခဲ့ရပါတယ်။ ဒီ Workshop မှာဆိုရင် နိုင်ငံပေါင်းစုံကလူငယ်တွေနဲ့ Group တွေဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ Group တစ်ခုချင်းစီက တိုင်ပင်ဆွေးနွေးခဲ့တဲ့ အကြံပြုချက်တွေ၊ ကောက်နုတ်ချက်တွေကို အချင်းချင်း မျှဝေပေးခဲ့ကြတာပဲဖြစ်ပါတယ်။

နောက်တစ်နေ့မှာဆိုရင်တော့ နိုင်ငံကိုယ်စားပြု Speaker တွေ ဆွေးနွေးဟောပြောခဲ့တဲ့ Nuclear Industry နဲ့ဆိုင်တဲ့ Topic တွေကို တက်ရောက်နားထောင် ခဲ့ရပါတယ်။ နောက်ဆုံးတစ်ရက်မှာတော့ ရုရှားနိုင်ငံရဲ့ ပထမဆုံးတည်ဆောက်ခဲ့တဲ့ Nuclear Power Plant ကို သွားရောက် လေ့လာခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒီ Program ကို တက်ရောက်ခွင့် ရရှိခဲ့တဲ့အတွက် နျူကလီးယားနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေအများကြီး လေ့လာတွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းအသစ်တွေ ရရှိခဲ့ပြီးတော့ Culture Sharing တွေလည်း အများကြီး လုပ်ခဲ့ရပါတယ်။ အမှတ်တရပစ္စည်းလက်ဆောင်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ သမီးအနေနဲ့ ဒီလို အတွေ့အကြုံတွေ အများကြီးထပ်ပြီးတော့တွေ့ကြုံခွင့်ရချင်ပါသေးတယ်။

ဒီသုံးရက်အတွင်းမှာတောင်အတွေ့အကြုံတွေ ဒီလောက်အများကြီး ရရှိခဲ့တာဖြစ်တဲ့အတွက် နောက်ထပ်ရက် တွေသာထပ်ရခဲ့ရင် နောက်ထပ်အခြားသော မသိသေးတဲ့အရာတွေ အများကြီး ထပ်ပြီးသိရဦးမယ်လို့လည်း ယုံကြည်မိပါတယ်။ ဒီ Program ကို ပါဝင်နိုင်အောင် ကူညီပို့ဆောင်ပေးကြသူများ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင့်။ အကြံပြုချင်တာကတော့ ဒီလို Program တွေကိုထပ်ပြီး လုပ်ပေးဖို့ရယ်၊ ကျောင်းသားအရေအတွက် ပိုမိုခေါ်ယူပေးနိုင်မယ်ဆိုရင်အခုလို အတွေ့အကြုံကောင်းတွေ အများကြီးရနိုင်တဲ့လူငယ်တွေ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံရဲ့ Educational Quality ကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ ခံစားမိပါတယ်ရှင့်။

မဝတ်ရည်ပပဝင်း တတိယနှစ်

နျူကလီးယားအင်ဂျင်နီယာဌာန

မန္တလေးနည်းပညာတက္ကသိုလ်

2nd International Youth Nuclear Forum ကို တက်ရောက်ဖို့အတွက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)က ရွေးချယ်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ ပါဝင်ခဲ့တဲ့ Activity တွေအနေနဲ့ကတော့ ပထမရက်မှာ Forum ကို တက်ရောက်လာတဲ့ နိုင်ငံတကာက လူငယ်တွေနဲ့အတူ နျူကလီးယားနဲ့ပတ်သက်တဲ့ ခေါင်းစဉ်ခုနစ်ခုကို Group တစ်ခုချင်းစီအလိုက် တိုင်ပင်ဆွေးနွေး ဖလှယ်ရတဲ့ Workshop ကို တက်ရောက်ခဲ့ရပါတယ်။ ဒုတိယရက်မှာတော့ ဖိုရမ်မှာ ပါဝင်ဆွေးနွေးကြတဲ့ Speaker တွေရဲ့ ဆွေးနွေးပို့ချမှုတွေကို တက်ရောက် နားထောင်ခဲ့ရပါတယ်။ တတိယရက်မှာတော့ နှစ် (၇၀) ပြည့် မြောက်ခဲ့ပြီဖြစ်တဲ့ ပထမဆုံးအသုံးပြုခဲ့တဲ့ Nuclear Power Plant ကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။

ရုရှားလူမျိုးတွေရဲ့ စားသောက်နေထိုင်ပုံတွေ၊ နျူကလီးယားစွမ်းအင်ကို လေ့လာစမ်းသပ်နေမှုတွေ၊ ရုရှားလူမျိုးတွေရဲ့ ပြုမူနေထိုင်ဆက်ဆံပုံတွေကို လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်မအတွက်ကတော့ ဒီခရီးစဉ်က အင်မတန်မှတန်ဖိုးရှိခဲ့ပါတယ်။ နျူကလီးယားနည်းပညာနဲ့ ပတ်သက်ပြီးတော့လည်း အများကြီးလေ့လာခွင့်ရရှိခဲ့ပါတယ်။ လူတိုင်းမှာအခွင့်အရေးဆိုတာ ရှိလာနိုင်တာဖြစ်တဲ့အတွက် ရရှိလာတဲ့အခွင့်အရေးကို အရယူနိုင်အောင် အမြဲလေ့ကျင့်သင်ကြားထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မဟန်နဒီထွန်း တတိယနှစ်

နျူကလီးယားအင်ဂျင်နီယာဌာန

နည်းပညာတက္ကသိုလ် (ကျောက်ဆည်)

Obninsk NEW 2024 ကို ပါဝင်ခွင့်ရရှိခဲ့တာကတော့ ညီမတို့ရဲ့နည်းပညာတက္ကသိုလ် (ကျောက်ဆည်)ဌာနမှူး ကနေတစ်ဆင့်သိရှိပြီး လျှောက်ထားခဲ့ရာကနေ ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Program မှာ ပါဝင်ခဲ့ရတဲ့ Activity တွေကတော့ ပထမရက်မှာဆိုရင် Nuclear Generation နဲ့သက်ဆိုင်တဲ့ Workshop ကို တက်ရောက်ခဲ့ရပါတယ်။ ဒီ Workshop မှာဆိုရင် နိုင်ငံတကာက ကျောင်းသားတွေနဲ့ အချင်းချင်း အပြန်အလှန် မျှဝေ ဆွေးနွေးခဲ့ရပါတယ်။ လူငယ်တွေ အချင်းချင်းအကြားမှာ ဗဟုသုတတွေ မျှဝေခွင့်ရရှိခဲ့တဲ့ Workshop တစ်ခုပဲ ဖြစ်ပါတယ်။ ဒုတိယရက်မှာတော့ နိုင်ငံအသီးသီးကနေ နိုင်ငံကိုယ်စားပြု တက်ရောက်လာတဲ့ သိပ္ပံပညာရှင်တွေ၊ နျူကလီးယားပညာရှင်တွေက နျူကလီးယားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေကို ဆွေးနွေးတင်ပြတဲ့ပွဲတွေကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ တတိယရက်မှာတော့ ရုရှားနိုင်ငံရဲ့ Atomic Power Plant ကို စတင်တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် Kurchatov ရဲ့ အိမ်ကို သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။

Obninsk NEW 2024 မှာဆိုရင် နျူကလီးယားနဲ့သက်ဆိုင်တဲ့အတွေ့ အကြုံအသစ်တွေအများကြီး ရရှိခဲ့ပြီး ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်တွေကိုလည်း သိရှိခဲ့ရပါတယ်။ ဒီ Program ကဆိုရင် နိုင်ငံပေါင်းစုံက ပညာရှင်တွေ၊ ကျောင်းသားတွေအားလုံး စုပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့အတွက်ကျွန်မတို့ မြန်မာကျောင်း သားတွေလည်း ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလို Program တွေကို နောက်ထပ်လုပ်ပေးနိုင်ဖို့နဲ့ မြန်မာကျောင်းသားတွေအနေနဲ့လည်း ပါဝင်တက်ရောက်ခွင့် ရမယ်ဆိုရင် လက်လွတ်မခံဘဲ အကောင်းဆုံးကြိုးစားပါဝင် တက်ရောက်ဖို့ အကြံပြုချင်ပါတယ်။

တွေ့ဆုံမေးမြန်း

အေးနန္ဒာဦး၊ စောအိမွန်