Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာများလှူဒါန်းသည့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်

မြစ်ကြီးနား ဇူလိုင် ၄

ကချင်ပြည်နယ် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန်လ ၃၀ ရက်နေ့ကစတင်၍ စံချိန်တင်မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရောက်ရှိမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အဆိုပါတပ်မတော်လေယာဉ်ဖြင့် ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပိုမိုထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ပေးပို့လာသည့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်များနှင့် ငါးသေတ္တာဘူး (၁၂၅၀၀) ဘူးတို့ကို လက်ခံရယူခဲ့ပြီး ကူညီသယ်ယူပေးခဲ့ကြသော တပ်မတော်သားများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၉) အတွင်း ရေဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်ထားရှိသည့် မဟာအောင်မြေရွှေဘိုကျောင်းတိုက်သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

ထောက်ပံ့လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ရေဘေးသင့် ပြည်သူများအား မြစ်ကြီးနားမြို့တွင် ဇွန် ၃၀ ရက်က စံချိန်တင်မြစ်ရေကြီးမြင့်မှုအပေါ် ပြည်သူများ အထိအခိုက်မရှိ၊ သေဆုံးခြင်းမရှိအောင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများ၏ စည်းစည်းလုံးလုံးဖြင့် အောင်မြင်စွာ ကူညီကယ်ဆယ်ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှ ကော်မတီအနေဖြင့်လည်း ရေဘေးသင့်မိသားစုများ၏ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လိုအပ်ချက်များကို မိမိတို့အနေဖြင့် ကူညီပံ့ပိုးဖြည့်ဆည်းမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြား

သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဆိုပါရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၁၈၇) စု၊ လူဦးရေ (၁၀၀၀) ကျော်တို့အတွက် ဆန်အိတ် (၁၀) အိတ်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ခေါက်ဆွဲခြောက် ဖာ ၃၅ ဖာ၊ ငါးသေတ္တာ (၃) ဖာနှင့် ကုလားပဲ (၁) အိတ်တို့ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက မိသားစုများအတွက် ထမင်းဘူးများကိုလည်းကောင်း အသီးသီးထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ယင်းနောက် စခန်းနေအိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရမ်ပူရပ်ကွက် နယ်မြေ (၇) အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဆန်အိတ် (၅) အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၂၀)၊ ငါးသေတ္တာ ဖာ (၂) ဖာနှင့် ကုလားပဲ (၁) အိတ်တို့ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုက အလှူအဖြစ် ထမင်းဟင်း (၁) နှပ်စာကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိသားစုများ၏ လိုအပ်ချက်များ၊ အခက်အခဲများ၊ နေအိမ် (၄) လုံး ရေထဲမျောပါမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ထမင်းဘူးများကို လိုက်လံပေးအပ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အားပေးကြည့်ရှုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့်အတူ မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အလှူရှင်များက ငွေကြေးနှင့်စား သောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက မြစ်ကြီးနားမြို့ စံချိန်တင်မြစ်ရေကြီးမြင့်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်သူများက စည်းစည်းလုံးလုံးဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်နေကြသည့်အတွက် ထိခိုက်မှုမရှိအောင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ယခုလိုပြည်သူများက လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် မိမိတို့ပြည်နယ် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရေဘေးသင့်ပြည်သူများအတွက် မြစ်ကြီးနားယူနန်ဘုံကျောင်းနှင့် ထိန်ချုံးဟုန်ရွှင်ကုမ္ပဏီတို့က ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀၊ ဆန်အိတ် (၄၀၀) အိတ်၊ ဆီ (၁၀)ပိဿာဘူး (၁၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၃၀၀) နှင့် ရေသန့်ဘူးများကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ရာ မြစ်ကြီးနားယူနန်ဘုံကျောင်းဥက္ကဋ္ဌ ဦးအောင်မြင့်က လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။