Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်

ရန်ကုန် ဇူလိုင် ၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းမှ တိုင်းပြည်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကိုမထိခိုက်စေဘဲစစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည် ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍမှ ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းကိစ္စရပ်များကိုလည်းကောင်း တင်ပြကြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ ဝန်ထမ်းများက ကံ့ကော်၊ ကျွန်း၊ ခရေ၊ မဟော် ဂနီ၊ မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်းရှိ အင်းလေးကန်၌ ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲသို့ တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ ငါးသားပေါက်ကောင်ရေ တစ်သောင်းနှစ်ရာကို အင်းလေးကန်အတွင်းသို့ လွှတ်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁/၂၀၂၄) တိုင်းရင်းသားရိုးရာအက မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုအကအလှများကို တီထွင်ဆန်းသစ်ရာ၌ မူလရိုးရာကို မပျောက်ပျက်စေရေး၊ တည်တံ့ထိန်းသိမ်းနိုင်ရေးကို အထူးသတိရှိကြရန်လိုကြောင်းနှင့် သင်ယူတတ်မြောက် ထားရှိသည့် ယဉ်ကျေးမှုအနုပညာ၊ အကအလှများကိုလည်း လက်ဆင့်ကမ်း ဆင့်ပွားသင်တန်းများ ပုံမှန်ဖွင့်လှစ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားကာ သင်တန်းသူ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များနှင့် အကနည်းပြများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်